စလင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေအရ ဆိပ်ဖြူ-စလင်း ကားလမ်းအား ယာယီသွားလာခွင့် ပိတ်ပင်

စလင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေအရ ဆိပ်ဖြူ-စလင်း ကားလမ်းအား ယာယီသွားလာခွင့် ပိတ်ပင်

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေအရ ဆိပ်ဖြူ-စလင်း ကားလမ်းအား ယာယီသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ (စလင်း)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန်သည်။

ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းအကြားရှိ ကျေးရွာများသို့ စစ်ကောင်စီမှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင်  ဝင်ရောက်ကာ ပစ္စည်းများ သိမ်းယူလျှက်ရှိသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းအသုံးပြုမှုအား ခေတ္တသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပိတ်ပင်လိုက်သည့် လမ်းပိုင်းများမှာ စလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ ကတ္တရာလမ်းပိုင်း ဖြစ်ပြီး လမ်းပိုင်း အသုံးပြုရမည့်အချိန်အား အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပ.က.ဖ (စလင်း) က ဆိုသည်။

အရေးပေါ်ဖြတ်သန်းသွားလာမှုများအား ဖုန်းနံပါတ် (၀၉၉ ၅၂၆၆၆၅၅၇) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း ပ.က.ဖ (စလင်း) က အသိပေးထားသည်။

စလင်းမြို့နယ် တညောင်တိုက်နယ်ကျေးရွာများသို့  စစ်ကောင်စီမှ ကပစ ၂၁ ၊ ချောက် ၊ ဆိပ်ဖြူ ၊ ပခုက္ကူတပ်မ - ၁၀၁ တို့မှ အင်အား (၂၀၀) ဝန်းကျင်ဖြင့် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စတင်စုဖွဲ့ စစ်ကြောင်းထိုးလာပြီး ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်း အကြားရှိ ကျေးရွာများသို့ လက်နက်ကြီးများ ၊ Drone ၊ လေကြောင်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်လျှက်ရှိရာ တစ်ပတ်ကြာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် စလင်းမြို့နယ်အတွင်း ပြည်သူ (၂)ဦး ထိခိုက်သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံဟောင်း)