မြန်မာနိုင်ငံ တစ်၀ှမ်း ရေကြီးသည့် နေရာ ကြီးနေပြီး တိုက်ပွဲဖြစ်သည့် နေရာ တိုက်ပွဲဖြစ်နေ

မြန်မာနိုင်ငံ တစ်၀ှမ်း ရေကြီးသည့် နေရာ ကြီးနေပြီး တိုက်ပွဲဖြစ်သည့် နေရာ တိုက်ပွဲဖြစ်နေ
စက်တင်ဘာ 11, 2024 | 2021 Military Coup| အခြားဒေသများ

မြန်မာပြည်တစ်ဝှမ်းလုံး ရေကြီးရေလျှံဖြစ်နေသည့် ဒေသများတွင် ရေနစ်မြုပ်နေသော်လည်း ရေမကြီးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။

မြန်မာတစ်၀ှမ်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှလွဲ၍ တစ်နိုင်ငံလုံးတွင် တိမ်တိုက်များ ထူထပ်နေသည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောဆိုထားသည်။

လက်ရှိတွင် မန္တလေးတိုင်းနှင့် ရှမ်း(ရှေ့)၊ ရှမ်း(တောင်)တို့တွင် ရေကြီးရေလျှံနေကာ ကူညီကယ်ဆယ်ရေးများလိုအပ်နေသည်ကို တွေ့ရသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်သည်ဟုလည်း ဦးဝင်းနိုင်က ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် အသိပေးပြောဆိုထားသည်။



ရေကြီးရေလျှံခြင်း မရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  နောင်ချိုမြို့နယ်တွင်မူ တိုက်ပွဲဆက်ဖြစ်နေပြီး ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြင်ဦးလွင်စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး(၁၀)လုံးထက်မနည်း နောင်ချိုမြို့တွင်းကို ကျရောက်ပေါက်ကွဲ သည်ဟု ဒေသခံများထံမှ သိရသည်။

"လက်ရှိ မြို့ထဲကို လက်နက်ကြီးတွေကျနေတာ ခန့်မှန်း(၁ဝ)လုံးထက်မနည်းရှိနေပါပြီ။ ပြင်ဦးလွင် ဘက်ကနေ လှမ်းထုနေတာ။ နောင်ချိုဟော်တယ်အနောက်ဘက်နားကျလို့ ပျက်စီးတာတွေရှိတယ်။ လာတော့ မထိဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိတွင် နောင်ချိုမြို့ တောင်ခမ်းရွာဘက်၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တိုက် တိုက်ပွဲ ဖြစ်ပြီး ရွာအတွင်းသို့ လက်နက်ကြီးကျခြင်းများ ရှိနေသည်။