အင်းစိန်ထောင်ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး မုဒိမ်းပြုကျင့်ခံရ 

အင်းစိန်ထောင်ဆေးရုံတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး မုဒိမ်းပြုကျင့်ခံရ 

ရန်ကုန်တိုင်း အင်းစိန်ထောင်ဆေးရုံအတွင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသား အခန်းလူကြီးတစ်ဦးက မုဒိမ်းပြုကျင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ပုဒ်မ(၅၀)ညဖြင့် ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခံထားရသူ အသက်(၂၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပုဒ်မ(၃၇၆)မုဒိန်းမှုဖြင့် ထောင်ဒဏ်(၁၀)နှစ်ကျခံနေရသည့် အကျဉ်းသားအခန်းလူကြီး ဇင်မျိုးကို(ခ)မျိုးကြီး (ဘ) ဦးမျိုးမင်းဆွေက ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့တွင် ခြိမ်းခြောက်ထိုးကြိတ်၍ အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အဆောင်မှူး အောင်ကျော်ဆင့်သည် ကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအတွက် ကျူးလွန်ခဲ့သူ အခန်းသူကြီး ဇင်မျိုးကို(ခ)မျိုးကြီးအား ထိရောက်သည့် အပြစ်ပေးအရေးယူဆောင်ရွက်မှု မပြုသည့်အပြင် အဆိုပါ မုဒိမ်းမှုဖြစ်ပွားခဲ့သည့်သတင်းအား ဖုံးကွယ်ပေးခဲ့ပြီး ထောင်ပြင်ပနှင့်အကျဉ်းထောင်အတွင်း ထိုသတင်းပေါက်ကြားပါက ကျူးလွန်ခံရသူနှင့် ကျူးလွန်သူနှစ်ဦးစလုံးအား တိုက်ပိတ်အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်ဟု သိရသည်။

‌အ‌ဆောင်မှူးအောင်ကျော်ဆင့်သည် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်၏ တပည့်အရင်းဖြစ်ပြီး ၎င်းတာဝန်ယူ အုပ်ချုပ်ခွင့်ရသည့် အဆောင်အတွင်း ငွေကြေးရယူ၍ ရာဇဝတ်အကျဉ်းသားများကို အကျဉ်းသားအချင်းချင်း အုပ်ချုပ်ရသည့် ရာထူးအာဏာများပေးထားကာ အဆိုပါအကျဥ်းသားများမှ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာ ဆက်ဆံခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ယခုဖြစ်စဉ်ကဲ့သို့ အလိုမတူဘဲ မုဒိမ်းပြုကျင့်ခြင်း စသည့်အမှုများအား ဖုံးကွယ်ပေးခြင်းဖြင့် ထောင်တွင်းစီးပွားရှာဖွေနေသည်ဟု သိရသည်။

အကျဉ်းထောင်တွင်း လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြသည့် အကျဉ်းဦးစီးဝန်ထမ်းများ၊ အကျဉ်းဦးစီးဝန်ထမ်း၏ လက်ကိုင်တုတ်များကို ထိရောက်သည့် အရေးယူဆောင် ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

#TachileikNewsAgency