ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိလာသဖြင့် အင်တာနက်လိုင်းများပိတ်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ (၁၁)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ် အထက်လယ်ဦးရပ်၊ လူးထရပ်တို့တွင် နှစ်လသားအရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား(၆)ဦးတို့ ဒဏ်ရာရပြီး နေအိမ်အဆောက်အဦး (၆၅)လုံး ပျက်စီးသဖြင့် Star Link နှင့် CDMA ဖုန်းများကို ပိတ်သိမ်းရန် TNLA က နိုဝင်ဘာလ (၁၂)ရက်နေ့တွင် စာထုတ်လာခြင်းဖြစ်သည်။
“တခြားမြို့တွေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။ ဒလန်တွေကြောင့် အပြစ်မဲ့ပြည်သူတွေထိခိုက်ရလို့ အခုလို စာထုတ်တာပါ။ လက်ရှိမှာတော့ မိုးကုတ်မြို့မှာ စစ်ဆေးတာ လုပ်ဖို့မရှိသေးပါဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။
TNLA ၏ ထုတ်ပြန်စာတွင် သက်ဆိုင်ရာနယ်မြေအုပ်စုအတွင်းရှိ အင်တာနက်ဆက်သွယ်ရေး Star Link ဝန်ဆောင်မှုလုပ်ငန်းများ၊ CDMA ဖုန်းဝန်ဆောင်မှုလုပ်ငန်းများကို ပိတ်သိမ်းရန်၊ မသင်္ကာ ရန်သူ သတင်းပေးများ တွေ့ရှိပါက သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေး စခန်းသို့ အမြန်ဆုံးတိုင်ကြားရန်၊ အမိန့်ထုတ်ပြန်ချက် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ပြည်သူများအား အရေးယူဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန်ဟု ပါရှိသည်။
MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် Star Link ဝန်ဆောင်မှုလုပ်ငန်းများကို ပိတ်သိမ်းထားပြီး ပြီးခဲ့သည့် အောက်တိုဘာလ(၂၆)ရက်နေ့က စတင်ကာ လုပ်ငန်းရှင်တချို့အပါအဝင် (၂၆)ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး မြို့တွင်း၌လည်း အစစ်အဆေးပြုလုပ်နေသည်ဟု သိရသည်။
“လားရိူးမှာ ကိုးကန့်ရဲတွေ မြို့တွင်းအထူးစစ်ဆေးနေတယ်။ လမ်းသွားလမ်းလာတွေ ဆိုင်ကယ်တွေကော မြို့တွင်းနေရာအနှံ့အပြား စစ်ဆေးနေတယ်။ မနေ့ကဘဲ စပြီး စစ်ဆေးနေတာ။ အကြောင်းရင်းမသိရသေး။ MNDAA ရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း စစ်တယ်။ မသင်္ကာရင် စခန်းခေါ်စစ်တယ်။ ဖုန်းတွေလည်း အချို့အစစ်ခံရတယ်လို့သိရတယ်။”ဟု လားရှိုးမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လားရှိုးမြို့ကို ဩဂုတ် (၃၀)ရက်နေ့ကစတင်ကာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား(၁၀၀)ဝန်းကျင် ထိခိုက်သေဆုံးမှုများရှိကာ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများပျက်စီးကြောင်း သိရသည်။
#TachileikNewsAgency
Photo:PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)