တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာသည့် ကားတစီးအား ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လမ်းတွင် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် သုံးဦး သေဆုံးကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၈) နာရီဝန်းကျင်တွင် ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီ ကားတစီးအား ကရသူရိမြို့မှ ပြန်အလာကို စောင့်ကြို၍ မိုင်းဆွဲပြီး လက်နက်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရေတပ်မှ ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် နှစ်ဦး နေရာတွင် သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
ပြင်းထန်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားမှာလဲ ကော့သောင်းဆေးရုံတွင် သေဆုံးသွားကြောင်း နောက်ဆက်တွဲသတင်းအရ သိရှိရကြောင်း သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့ကလည်း ကရသူရိမြို့ အနီးရှိ စစ်ကောင်စီရေတပ်မှ ကျောင်းသားများပို့ပြီး ပြန်လာသည့် စစ်ကောင်စီ ကားတစီးအား လမ်းတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency