မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီး

မူးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီး
စက်တင်ဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄)ဦး ထိခိုက်ပြီး နေအိမ် (၃) လုံး ပျက်စီးရကြောင်း KNU ဗဟိုထံမှ သိရသည်။

ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့ ည (၈) နာရီတွင် စစ်ကောင်စီတပ်များသည် နတ်သံကွင်းမြို့အတွင်းမှနေ၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကျီးပင်ပေါက် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်သည့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ကျော်လှရွာ ၊ ပါက်ဇလုတ်ရွာနှင့် စိုက်ကုန်းကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လေးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ နေအိမ် (၃) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဥသျှစ်ခင်ကျေးရွာမှ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

၂၀၂၄ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ နတ်သံကွင်း မြို့မှနေပြီး ၁၂၀ မမ လက်နက်ကြီး (၅) လုံးကို ပစ်ခတ်ခဲ့ရာ ရင်းတိုက်ကုန်းကျေးရွာအနီးတွင် ကျရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲတွင် စစ်ကောင်စီတပ်သည် နတ်သံကွင်းမြို့မှနေပြီး ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ငနွားဆိပ်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှ ပြည်သူများအား ပစ်မှတ်ထားပြီ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဒေသတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး ၊ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား လုပ်ဆောင်ရာ၌ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း KNU ဗဟိုက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU