စစ်ခေါင်းဆောင် ဘုရားပတ်ဖူးနေသည့်နေ့တွင် မောင်တောတွင် စစ်ကောင်စီတပ်သား အများအပြား ဖမ်းမိထားဟု AA ထုတ်ပြန်

စစ်ခေါင်းဆောင် ဘုရားပတ်ဖူးနေသည့်နေ့တွင် မောင်တောတွင် စစ်ကောင်စီတပ်သား အများအပြား ဖမ်းမိထားဟု AA ထုတ်ပြန်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးတွင် ဘုရားပတ်ဖူးနေသည့်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားကို ဖမ်းမိကြောင်း AA က  ထုတ်ပြန်သည်။

မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို သိမ်းပိုက်ရရှိထားကြောင်း AA ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

မောင်တောမြို့ အမှတ် (၂)ရပ်ကွက် (ဖေဇီရွာ နှင့် မောင်နီရွာ)အတွင်းမှ အဆင့်ဆင့်ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာအများစုကို AAက တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

သိမ်းပိုက်ရရှိထားသောနေရာများမှ စစ်ကောင်စီနှင့် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိထားသည်ဟုလည်း ထုတ်ပြန်သည်။ 

ဩဂုတ်လ (၂၄)၊ (၂၅)နှင့် (၂၆)ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားနှင့် အပေါင်းအပါ အလောင်း (၁၀၀)ကျော်အား ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့ကာ သုံ့ပန်းအချို့ကိုလည်း မောင်တောမြို့ တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်ဟုလည်း ဆိုသည်။ 

လက်နက်ကိုင်ပြီး ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား လိုက်လံချေမှုန်းနေပြီး စစ်ကောင်စီ၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး 

စစ်ကောင်စီသည် စစ်သင်္ဘော (၈)စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:AA Info Desk