မြင်းမူမြို့နယ်တွင် စစ်ကောင်စီ သံပြားကာ ကားတစ်စီးအား တော်လှန်ရေးတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

မြင်းမူမြို့နယ်တွင် စစ်ကောင်စီ သံပြားကာ ကားတစ်စီးအား တော်လှန်ရေးတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် စစ်ကောင်စီ သံပြားကာကားတစ်စီးအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Dog Killers People's Defence Force Myinmu အဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းမူမြို့နယ် အလ္လက္ကပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားရှိ ဆီဆိုင်တစ်ခုတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြင်းမူမြို့အတွင်းသို့ သံပြားကာ ကားတစ်စီးဖြင့် သွားရောက်ခဲ့ပြီးနောက် သြဂုတ်လ (၅)ရက်နေ့ မနက် (၈)နာရီခွဲခန့်တွင် ၎င်းတို့တပ်စွဲရာနေရာသို့ ပြန်လာစဉ် လမ်းတွင် တော်လှန်ရေးတပ်ဖွဲ့မှ ပဒေသာမိုင်း (၃)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း Dog Killers People's Defence Force Myinmu အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

DK PDF MMU အဖွဲ့သည် မြင်းမူမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ၊ မြင်းမူမြို့နယ်အတွင်း စစ်ရေးပစ်မှတ်များအား မိုင်းဆွဲခြင်း ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: DK PDF