ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ဦး ပွဲချင်းပြီးသေဆုံး

ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ဦး ပွဲချင်းပြီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုးနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ကာ  အရပ်သား (၆)ဦး ပွဲချင်းပြီး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ နေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့က ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းကို စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်ရာ လက်နက်ကြီးတစ်လုံး အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲရာ အသက်(၄၀)နှစ်အရွယ် အမျိုးသမီး(၁)နှင့် အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံးကာ ရပ်ကွက် (၈)တွင်လည်း ကားဝမ်ရှော့ဆိုင်အတွင်း လက်နက်ကြီးကျရောက်‌ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပြီး ကား(၃)စီး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၁)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် (၃)ဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့ပြီး မိုးကုတ်အ‌ရှေ့ပိုင်း ညောင်လေးပင်တွင်လည်း  လက်နက်ကြီးနေအိမ်ပေါ်သို့ကျကာ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိပြီး ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ရာ နေအိမ်(၃)လုံး ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။ 

ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး(TNLA)မှ (၄)ရက် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ် (၃)ရက်အတွင်းတွင် အရပ်သား (၉)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲ (၂၃)ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၇၆)ဦး သေဆုံးပြီး (၁၁၂)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

#TachileikNewsAgency

Photo:PSLF/TNLA News