မတူပီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ချင်းတပ်အချင်းချင်း တိုက်ခိုက်နေမှု အမြန်ဆုံးရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများ တောင်းဆို

မတူပီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ချင်းတပ်အချင်းချင်း တိုက်ခိုက်နေမှု အမြန်ဆုံးရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများ တောင်းဆို

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ချင်းတပ်အချင်းချင်းတိုက်ခိုက်နေမှု အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုကြောင်း ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ ဇူလိုင်လ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတူပီမြို့နယ်အတွင်း ချင်းတပ်ဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပွားနေခြင်းမရှိပါက စစ်ဘေးရှောင် ဒေသခံပြည်သူများ နေရပ်ပြန်လည်အခြေချနိုင်မည်ဖြစ်ပြီး ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် ပြည်သူလူထု၏ ဆက်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းမပြုရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ တောင်းဆိုကြောင်း သိရသည်။

ချင်းလူမျိုး မတူမျိုးနွယ်စုများအကြား ပဋိပက္ခနှင့် ပစ်ခတ်မှုများဖြေရှင်းရန် ရည်ရွယ်၍ ဇွန်လ (၂၂) ရက်နေ့တွင် IMFမှ ကမကထပြုလုပ်သည့် ကမ္ဘာတစ်ဝန်း မတူလူမျိုးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တွေ့ဆုံညှိနိူင်းပွဲအား ပထမအကြိမ်အဖြစ် ဇွန်လ (၂၆)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မတူပီ တပ်မဟာ (၁)အထောက်အကူပြု ကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့သော်လည်း တပ်မဟာ (၂)မှ အဆုံးအဖြတ်ပေးနိုင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒုတိယအကြိမ်အဖြစ် တွေ့ဆုံညှိနိူင်းပွဲအား ဇူလိုင်လ (၆)ရက်နေ့တွင် ထပ်မံကျင်းပခဲ့သော်လည်း မတူပီ တပ်မဟာ (၁) အထောက်အကူပြု ကော်မတီမှ တာဝန်ရှိသူများသာ တက်ရောက်ခဲ့ပြီး၊ တပ်မဟာ (၂)အထောက်အကူပြုကော်မတီမှ တက်ရောက်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့သဖြင့် တွေ့ဆုံညှိနိူင်းရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။

မြေပြင်ဖြစ်စဉ်များအရ လက်ရှိ ပဋိပက္ခသည် CNA/F ဦးဆောင်သည့်အဖွဲ့များမှ ချင်းညီနောင်ဦးဆောင်သည့် မဟာမိတ်အဖွဲ့များအား စတင်ပစ်ခတ်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သဖြင့် CNA/F ဦးဆောင်သည့်အဖွဲ့များအနေဖြင့် လက်ရှိပဋိပက္ခအား ပြီးဆုံးရန် ဆန္ဒရှိပါက ပစ်ခတ်မှုများ ချက်ခြင်းရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ တောင်းဆိုကြောင်း သိရသည်။

CNA/F နှင့် ပူးပေါင်းလျှက်ရှိသည့် ချင်းမျိုးနွယ်စုများအနေဖြင့် မတူလူမျိုးနှင့် သမိုင်းတစ်လျှောက် ရန်ငြိုးရန်စမရှိသည်သာမက ချင်းညီအစ်ကိုများဖြစ်သည့်အတွက် ညီအစ်ကိုချင်းသတ်ဖြတ်သည့်ပွဲမှ အမြန်ဆုံးဆုတ်ခွာပေးကြပါရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ တောင်းဆိုကြောင်း သိရှိရသည်။

တော်လှန်ရေး၏ အဓိကရည်မှန်းချက်သည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏  ယာယီသမ္မတဒူဝါလရှီးလမှလည်း တော်လှန်ရေးအမြန်ဆုံးအောင်မြင်စေရန်အတွက် တတ်နိုင်သမျှ မဟာမိတ်များတည်ဆောက်ရန် တိုက်တွန်းမှုနှင့်အညီ ချင်းညီနောင်မှ မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ကောင်စီအားတော်လှန်ခြင်းအားပေးထောက်ခံကြောင်း ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ ဆိုသည်။

ချင်းညီနောင်နှင့်မဟာမိတ်များ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည့် မတူပီမြို့နယ်အတွင်း CNA/F နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား တိုက်ပွဲဖော်ဆောင်မည်ဆိုပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ထိခိုက်ဒဏ်ရာရရှိမှုများ ၊ သေဆုံးမှုများ ၊ ပျက်စီးမှုများနှင့် ချင်းမျိုးနွယ်စုများကြား ပဋိပက္ခများအား တာဝန်ယူရမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများမှ ဆိုသည်။

#TachileikNewsAgency

Photo: Global Matu Supporting Committee