ပုလောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် (၄၀)ကျော် ပျက်စီးပြီး ဒေသခံ (၉၀)ကျော် ဖမ်းဆီးခံထားရ 

ပုလောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် (၄၀)ကျော် ပျက်စီးပြီး ဒေသခံ (၉၀)ကျော် ဖမ်းဆီးခံထားရ 

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် (၄၃)လုံး ပျက်စီးပြီး ဒေသခံ (၉၀) ကျော် ဖမ်းဆီးခံထားရကြောင်း မြိတ်ခရိုင် အမှတ် (၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) ထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ပုလောမြို့နယ် လိပ်ဥသောင်ကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၁) ရက်နေ့တွင် စစ်ကောင်စီတပ်သည် ပုလောမြို့နယ်အတွင်းရှိ လယ်ဖက်ကျေးရွာနှင့် ကျောက်သင်္ဘောရွာတို့မှ ပြည်သူ (၄၅) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ (၁၄)ရက်နေ့တွင် ဖော့ရွာအနီး မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းနှင့် စစ်ကောင်စီတပ်များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၅) ရက်နေ့တွင် (၅) မိုင်ကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ် (၉)လုံးအား မီးရှို့ဖျက်ဆီးကာ ၊  ပြည်သူ (၁၀)ဦး ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၆) ရက်နေ့တွင် ရှပ်ပုံကျေးရွာအုပ်စုသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ မီးလောင်အော်ကျေးရွာ၊ ရှပ်ပုံစံပြကျေးရွာတို့တွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၈)ရက်နေ့တွင် အင်အား (၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့်  မဟာမိတ်တပ်များမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ တစ်နေကုန် ပြင်းထန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၁)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၊ စစ်ကောင်စီဘက်မှလည်း အများအပြား ထိခိုက်နိုင်ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဆိုသည်။

ထို့နောက် စက်တင်ဘာလ (၁၈)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်များသည် ပြည်သူ့ကာကွယ်ရေးတပ်များမရှိသည့် မီးလောင်အော်ကျေးရွာသို့ ဝင်ရောက်သွားခဲ့ပြီး နေအိမ် (၃၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ရှပ်ပုံစံပြကျေးရွာရှိ နေအိမ် (၃)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက နယ်မြေရှင်းလင်းစဉ် ရှပ်ပုံစံပြကျေးရွာနှင့် မီးလောင်အော်ကျေးရွာတို့တွင် မီးရှို့ထားသည့် ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ပြီး ၊ စစ်ကောင်စီတပ်သည် ရှပ်ပုံစံပြကျေးရွာနှင့် မီးလောင်အော်ကျေးရွာတို့မှ ပြည်သူ (၄၀) ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပုလောမြို့နယ်အတွင်း တိုက်ပွဲများပိုမို ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ပြီး ပြည်သူများအနေနှင့် စစ်ရေးသတိ အမြဲရှိရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

Photo: PDF Myeik District Battalion 1 - P23401