ကျောက်မဲမြို့ပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် နေအိမ်(၂၀)နီးပါး ထိခိုက် ပျက်စီးခဲ့

ကျောက်မဲမြို့ပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် နေအိမ်(၂၀)နီးပါး ထိခိုက် ပျက်စီးခဲ့
ဇူလိုင် 1, 2024 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တအာင်းတပ်မတော်(TNLA) တပ်မဟာ(၂)စစ်ဒေသ၏ ကျောက်မဲမြို့တွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံးကြဲချကာ တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်(၂၀)နီးပါး ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ပေါ် ရပ်ကွက်(၁)ရှိ One Love Hotel အနီးတဝိုက်အား အာဏာသိမ်း စစ်ကောင်စီက  ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ အကူးပိုင်းအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်(၁)ရှိ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင် အပါအဝင် ဒေသခံ နေအိမ်(၂၀) နီးပါး ပျက်စီးခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၉)ရှိ ဆီဆိုင် တစ်ဆိုင်တွင် ဗုံးကျရောက်ပြီး ပေါက်ကွဲကာ မီးလောင်သွားခဲ့ကြောင်း သိရသည်။

ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ်မီးသတ်ရုံးအနီးတွင် ပေါင်(၅၀၀)ဗုံး ကြဲချကာ တိုက်ခိုက်သည့်အတွက် ဒေသခံနေအိမ် (၈)အိမ်အထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ပုံအညွှန်း - ကျောက်မဲနှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦးများ

#TachileikNewsAgency

Photo: PSLF/TNLA