အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် အားကိုးအားထား ယုံကြည်ရသူ နည်းပါးလာသည်မှာ တာချီလိတ်အခြေချစစ်ဗျူဟာတွင် ဗျူဟာမှူးနေရာ လစ်လပ်သည်အထိ ဖြစ်နေ

အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် အားကိုးအားထား ယုံကြည်ရသူ နည်းပါးလာသည်မှာ တာချီလိတ်အခြေချစစ်ဗျူဟာတွင် ဗျူဟာမှူးနေရာ လစ်လပ်သည်အထိ ဖြစ်နေ
သြဂုတ် 5, 2024 | 2021 Military Coup| ဆောင်းပါး
By Tachileik News Agency

 သမ္မတဖြစ်ချင်၍ ရွေးကောက်ပွဲကို အကြောင်းပြကာ အာဏာသိမ်းယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ထက်တွင်   မြန်မာနိုင်ငံတဝှမ်း စစ်ရေးရှုံးနှိမ့်ကာ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းနေသလို  အဆင့်မြင့် အရာရှိများ အပါအဝင် စစ်ဗျူဟာမှူးများ ဖမ်းခံရခြင်း၊ သေဆုံးခြင်း နှင့် အရေးယူခံရခြင်းများကြောင့် ၎င်းအတွက် အားကိုးအားထား  ယုံကြည်ရသူ နည်းပါးလာသည်မှာ တာချီလိတ်အခြေချစစ်ဗျူဟာတွင် ဗျူဟာမှူးနေရာ  လစ်လပ်သည်အထိ ဖြစ်နေသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တာဝန်ကျနေသည့် ဗိုလ်မှူးကြီး သူရဇော်လွင်စိုးကို ၂၀၂၄ခုနှစ် ဇူလိုင်လ၏ ပထမပတ်အတွင်းက  ယာယီဗိုလ်မှူးချုပ် အဖြစ် ရာထူးတိုးပေးပြီး အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှူးအဖြစ် ခန့်အပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း  စစ်မျက်နှာပြင်သို့ စေလွှတ်လိုက်ခြင်းဖြစ်၍ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့အထိ  တာချီလိတ်စစ်ဗျူဟာတပ်တွင်   ရာထူးနေရာ လစ်လပ်နေခြင်းဖြစ်သည်။

၎င်းအား ခန့်အပ်တာဝန်ပေးလိုက်သည့် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အခြေချခြင်းဖြစ်သော်လည်း ယာယီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးသည် မိုင်းဆတ်သို့ မသွားရောက်ရဘဲ ရှမ်းမြောက်စစ်မျက်နှာပြင်သို့ ချက်ချင်းသွားရောက်ရန် စေခိုင်းခံရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်အတွက် ခေတ္တစစ်ဗျူဟာမှူးအဖြစ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး၊ ပထမတန်း(ပြည်သူ့စစ်) ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းအား တာဝန်ပေးထားခြင်းဖြစ်သည်။

“တာချီလိတ်မှာ ဗျူဟာမှူးအသစ် လောလောဆယ် မခန့်နိုင်သေးတာက မင်းအောင်လှိုင်အနေနဲ့ကလည်း လောလောဆယ် အခုအချိန်မှာ ဟိုလူ့ မယုံရ၊ ဒီလူ့ မယုံရပေါ့နော်။  ဒါကြောင့် လောလောဆယ်မှာ သူယုံကြည်ရတဲ့သူ ရှာနေရဆဲမို့လို့ ခေတ္တဗျူဟာမှူးအဖြစ်ချထားတာတော့ ဖြစ်လိမ့်မယ်။”ဟု CDM ဗိုလ်ကြီး ဇင်ယော်က Tachileik News Agency ကို ဩဂုတ်လ(၅)ရက်နေ့တွင်  ပြောသည်။

 လားရှိုးစစ်ဆင်ရေးနှင့် ပတ်သက်ပြီး အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှူး အဖြစ်တာဝန်ပေးကာ လားရှိုးသို့ စစ်ကူစေလွှတ်ထားကြောင်း ဩဂုတ်လ(၅)ရက်နေ့တွင် စစ်ကောင်စီလော်ဘီများဘက်က ရေးသားနေသည်ကိုလည်း တွေ့ရသည်။

“စကခ(၁၄)မှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက တာချီလိတ်အခြေချစစ်ဗျူဟာကနေ အစောပိုင်းကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။ စကခ(၁၂)မှူးနေရာကိုတော့ အသစ်ခန့်အပ်ခြင်း မရှိသေးပါဘူး။ သူ့ပုံမှန်အရဆိုရင်တော့  ဒုစကခမှူးကပဲ ယာယီခေတ္တစကခမှူးလုပ်နေရမှာပါ။”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း စစ်ရေးရှုံးနိမ့်နေ၍ လားရှိုးသို့ စစ်ကူပို့ရန် ဖိအားပေးစေလွှတ်ခြင်းကြောင့် ကရင်ပြည်နယ် ကော့ကရိတ်အခြေစိုက် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှူး ယာယီဗိုလ်မှူးချုပ် အောင်ကျော်မိုး နှင့် ၎င်း၏တပ်ဖွဲ့သည်  စစ်ကူယာဉ်တန်းဖြင့် တက်လာစဉ် MNDAA ပူးပေါင်းတပ်က  မန်ပန် နှင့် နမ့်ပေါင်ကြား အရောက်၌ ကြားဖြတ်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြားသေကာ ထွက်ပြေးခဲ့ကြရသဖြင့် စိတ်ဓာတ်ကျကာ ယာယီဗိုလ်မှူးကြီး အောင်ကျော်မိုး မှာ ဩဂုတ်လ(၃)ရက်နေ့တွင် အဆုံးစီရင်သွားခဲ့သည်။

ထို့အတွက်ကြောင့်  အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှူး နေရာမှာလည်း လစ်လပ်နေဆဲ ဖြစ်သည်။

 

လက်ရှိ ယာယီဗိုလ်မှူးချုပ် သူရဇော်လွင်စိုး တာဝန်ယူထားသည့် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ တပ်မမှူးနေရာတွင်  တာချီလိတ်စစ်ဗျူဟာ၌ စစ်ဗျူဟာမှူးအဖြစ်  ၂၀၂၁ခုနှစ်၏ နှစ်ဝက်မတိုင်မီအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ် သော်ဇင်ဦးလည်း တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးပြီး ဗိုလ်မှူးချုပ် သော်ဇင်ဦးသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ထံ လက်နက်ချအညံ့ခံမှုကြောင့်  စစ်ကောင်စီ၏  ဖမ်းဆီးထောင်ချမှုကိုလည်း ခံနေရသည်။  

တော်လှန်ရေးတပ်ဖွဲ့များ တိုက်ရေး ခိုက်ရေး အရှိန်အဟုန် အားကောင်းလွန်းသည့် ၁၀၂၇ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးချုပ်အဆင့်ရှိ (၁၈)ဦးကို ဆုံးရှုံးသွားခဲ့ရသလို ဗိုလ်ချုပ်အဆင့်ရှိသူ (၁)ဦးကိုလည်း ဆုံးရှုံးခဲ့ရသည်။

ဗိုလ်မှူးချုပ် စုစုပေါင်း (၁၈)ဦးအနက်  (၅)ဦးမှာ တိုက်ပွဲအတွင်း သေဆုံးပြီး (၁)ဦးမှာ  မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသလို (၆)ဦးမှာ လက်နက်ချ အညံ့ခံပြီး (၆)ဦးမှာ အရှင်ဖမ်းခံရသည်။

ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာပြင်များသို့  ဗိုလ်မှူးကြီးများကို ယာယီဗိုလ်မှူးချုပ်အဖြစ် ရာထူးများတိုးပေးကာ ပို့ဆောင်ခံရသူများမှာ တိုက်ပွဲအတွင်း သေဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများနှင့်သာ ကြုံကြရသည်။