ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံး

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ (၃)ဦး သေဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်း (၁)ကျောင်းနှင့် နေအိမ် (၄)လုံးတို့ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

ညောင်လေးပင်ခရိုင် မူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ထောင်ထားသောမိုင်းကြောင့် သေဂေလူကျေးရွာမှ စောစိုးသူရ နှင့် ပျဉ်းမပင်ကျေးရွာမှ ကျော်လွင်ဦးတို့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ကွင်းချောင်းဝမှ  စစ်ကောင်စီတပ်များက ဒီဇင်ဘာလ (၂၂)ရက်နေ့ ည (၇)နာရီခန့်တွင် ထွနီကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျေးရွာတွင် နေထိုင်သည့် စောခယ်ဖော ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ခမရ (၄၃၉) တပ်ရင်းမှ ဒီဇင်ဘာလ (၂၃) ရက်နေ့ ညနေပိုင်းတွင် ခင်ကြီးကျေးရွာအတွင်းသို့ ဒရုန်ဖြင့် ဗုံး (၁)လုံးနှင့် အင်းတောကန် ကျေးရွာတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ မီသူဇာဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

လယ်ဒိုမြို့နယ်အတွင်းတွင်လည်း ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက် (၃)နာရီခွဲဝန်းကျင်တွင် ဘုရားဇီးကုန်း ကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျေးရွာနေ ဒေါ်နွဲနွဲသန်း (၄၅)နှစ် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရကာ တိုက်ပွဲများပြီးဆုံး၍ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ နယ်မြေရှင်းလင်းရာ ရွာခံ စောတာဝါးကို ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များ ခိုလိုကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်လာခဲ့စဉ် ထောင်ထားခဲ့သော မိုင်းကြောင့် ယင်းနေ့ နံနက် (၉)နာရီတွင် ရွာခံ စောခွါးလေးနှင့် စောသန်းတဲတို့ မိုင်းနင်းမိပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  

ကျောက်တံခါးမှ စစ်ကောင်စီတပ်များကလည်း ဒီဇင်ဘာလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ခိုလိုကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး (၂)လုံးနှင့် ညနေပိုင်းတွင် သမင်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျောက်တံခါးမှ စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုကြောင့် ခိုလိုကျေးရွာမှ ဦးစိုးဝင်း၊ ဒေါ်တင်တင်မာ၊ နော်ဖောဝါးနှင့် သမင်ကုန်းရွာမှ ဦးမောင်ဝါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် ခမရ(၄၃၉) တပ်ရင်းမှ မြနီကွင်းကျေးရွာအတွင်းသို့ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ နေအိမ် (၂)လုံး ထိခိုက်ပျက်စီခဲ့ရကြောင်း KNU က ဆိုသည်။

ကွင်းချောင်းဝမှ စစ်ကောင်စီတပ်များကလည်း ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းတွင် ခိုလိုကျေးရွာအနီး လယ်ကွင်းပြင်အတွင်းသို့ ဒရုန်းဖြင့်  ဗုံးသီး (၃)လုံး ကြဲချခဲ့ရာ ကျေးရွာတွင် နေထိုင်သည့် စောကိုးကိုး၏ တဲ (၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် အင်တိုင်းကုန်းကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာတို့ကို (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာမှ နော်ဒါးအယ်စေး ထိခိုက်ဒဏ်ရာရရှိကာ မောင်နှမနှစ်ဦးဖြစ်သည့် နော်ခူဒါး အသက် (၁၂) နှစ် နှင့် နော်ဂေဒါးဖော အသက် (၇)နှစ်တို့ လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ဖျံတလင်းကျေးရွာအနီးသို့ (၁၂၀)မမ (၁)လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:KNU