မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရာ ရွာသစ်ကျေးရွာမှ နေအိမ်(၆၀)ကျော် ပျက်စီးသွားသည်ဟု သရက်ခရိုင်အမှတ်(၄)တပ်ရင်းထံမှ သိရသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်းက နှစ်ဖက်တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများတွင် ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ(၃) ရက်နေ့ကစတင်၍ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာများသို့ အင်အား(၈၀)ဖြင့် ပြန်လည်စစ်ကြောင်းထိုးကာ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ရွာသစ်ကျေးရွာကို မီးရှို့သည်ဟု သိရသည်။
“နိုဝင်ဘာလ (၁၈) ရက်နေ့လောက်က မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။ နိုဝင်ဘာလ (၂၆) ရက်မှာ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အထိနာသွားပါတယ်။ အထိနာသွားလို့ သူတို့စစ်ကြောင်း ဖရိုဖရဲဖြစ်ပြီး ပြန်ဆုတ်သွားပြီးတော့ အင်အားပြန်စုဖွဲ့ပြီးတော့ တစ်ခါစစ်ကြောင်းပြန်ထိုးနေတာပါ။”ဟု သရက်ခရိုင်အမှတ်(၄)တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က Tachileik News Agency ကိုပြောသည်။
ရွာသစ်ရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၂)က ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ မိနစ်(၂၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည့်အပြင် သရက်ခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၂)ဘက်ကလည်း ရဲဘော်တစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရသည်ဟု သရက်ခရိုင် အမှတ် - ၄ တပ်ရင်းက ထုတ်ပြန်သည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်သည် ဒဏ်ရာရလူနာများအားထမ်းခေါ်၍ ရွာသစ်ကျေးရွာမှ ဆုတ်ခွာသွားရာ ပြည်သူသွားလာရာ လမ်းပိုင်းများ၌ မြေမြုပ်မိုင်းများ ထောင်ထားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် မင်းတုန်းမြို့မှ အင်အားထပ်ဖြည့်ပြီး အင်အား(၁၀၀)ဝန်းကျင်ဖြင့် ရွာသစ်ရွာနှင့် (၅) မိုင်ဝန်းကျင်ဝေးသော မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း၌ တပ်စွဲနေသည်ဟု သိရသည်။
“မြောက်ပြင်မှာတော့ လက်ရှိတပ်စွဲနေတယ်။ ကျွန်တော်တို့ဘက်ကလည်း မိုင်းရှင်းလင်းရေးတွေ မလုပ်ရသေးပါဘူး။”ဟု ကိုမြတ်က ဆက်ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကန်မနိုင်၊ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်နှင့် ငှက်ပျင်းရွာတို့မှ ဒေသခံထောင်ချီပြီး တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
#TachileikNewsAgency
Photo: အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း