Dark Shadow အဖွဲ့ဝင်(၄)ဦးအား ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီထုတ်ပြန်

Dark Shadow အဖွဲ့ဝင်(၄)ဦးအား ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်တိုင်း သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ Dark Shadow အဖွဲ့ဝင်(၄)ဦးအား ထပ်မံဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

Dark Shadow အဖွဲ့ဝင်(၄)ဦးဖြစ်သည့် မျိုးသိန်းထွန်း (၃၄)နှစ်၊ ဇော်ကြီး(ခ)ကိုထက် (၃၀)နှစ်၊ ရဲဇော်ထွန်း(ခ)ဖီးနစ် (၃၄)နှစ်၊ ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်း (၂၁)နှစ်တို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိကာ NUG ခိုင်းစေသည်ဟု စစ်ကောင်စီဘက်က ၂၀၂၄ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူ(၄)ဦးမှာ Dark Shadow အဖွဲ့ဝင်များဟုတ်၊ မဟုတ်ကိုမူ Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးဘဲ သက်ဆိုင်ရာအဖွဲ့ထံ အဆက်အသွယ်ရရှိရေး ကြိုးပမ်းနေဆဲဖြစ်သည်။

Dark Shadow အဖွဲ့သည် မည်သည့်အဖွဲအစည်းများနှင့်မှ မဟာမိတ်ပြုလုပ်ထားခြင်း၊ ဖွဲ့စည်းမှုအောက်တွင် ပါဝင်ခြင်းမရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်မှုကို လိုလားသော တော်လှန်ရေးတပ်သားများ စုပေါင်းဖွဲစည်းထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့ကလည်း ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည်ဟု စွပ်စွဲကာ လူ(၉)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်(UG)အဖွဲ့ဝင်များဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ(၈)ရက်နေ့တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲတက်ရောက်မည့် စစ်ခေါင်းဆောင်ကို (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်နေသူများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲဖော်ပြသည်။

ဖမ်းခံရသူများမှာ စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင် ဟိန်း (၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော် (၁၈)နှစ်နှင့် ထက်အာကာလင်း (၂၆)နှစ်၊ ချစ်ကေခိုင်(၃၈) နှစ်၊ ဇာနည်အောင် (ခ)ကိုဇာ (၃၂)နှစ်တို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency