ကျွန်းစုမြို့နယ်တွင် ဒေသခံများအား ခြိမ်းခြောက်ငွေတောင်းသည့်အဖွဲ့ပေါ်လာသဖြင့် ပကဖ သတိပေး

ကျွန်းစုမြို့နယ်တွင် ဒေသခံများအား ခြိမ်းခြောက်ငွေတောင်းသည့်အဖွဲ့ပေါ်လာသဖြင့် ပကဖ သတိပေး

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် ဒေသခံများအား ခြိမ်းခြောက်ငွေတောင်းသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာသဖြင့် သတိပေးချက်ကို ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စု၊ မဲတောကျေးရွာအုပ်စုနှင့် ဘန္ဒနဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် အင်အား(၁၀)ဦးဝန်းကျင်ပါ ဒေါင်းနက် Black Peacock(စစ်ခွေးလက်ပါးစေ သုတ်သင်ရေးအဖွဲ့)အမည်ရှိ အဖွဲ့တစ်ခုက ပြီးခဲ့သည့် (၂)လဝန်းကျင်က စတင်၍ အရပ်သားများအား ခြိမ်းခြောက်ငွေတောင်းလာခြင်းဖြစ်သဖြင့် ကျွန်းစုပကဖ က သတိပေးရသည်အထိ ဖြစ်လာသည်။

“ပြောချင်တာကဗျာ တော်လှန်ရေးလုပ်တယ်ဆိုရင် အရင်ခြိမ်းခြောက်တောင်းရမ်းနေမယ့်အစား လက်နက်ကိုင် ပျူစောထီးတွေကို အရင်ရှင်းလင်းပြီး ပြည်သူ ယုံကြည်ရအောင် သက်သေအရင်ပြစေချင်တယ်။ လက်နက်မဲ့ ပြည်သူကို ခြိမ်းခြောက်နေတာမျိုးက မဖြစ်သင့်ဘူးပေါ့။”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုငါးမန်းက Tachielik News Agency ကိုပြောသည်။

အဆိုပါ ဒေသများမှာ ကျွန်းစုပကဖလည်း ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် စစ်ကောင်စီတပ်များလည်း နယ်မြေစိုးမိုးမှုမရှိတော့သည့် ပင်လယ်ဒေသကျွန်းရွာများဖြစ်နေပြီး ဒေသခံများ၏ တိုင်ကြားချက်ကြောင့် မြို့နယ်ပကဖအနေဖြင့် ကူညီပေးနိုင်ရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

“ဒေသခံတွေကို ကူညီပေးဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အချိန်တစ်ခုတော့ ပေးရမယ်ပေါ့။ ကြိုးစားဆောင်ရွက်သွားမှာပါ။”ဟု ကိုငါးမန်းက ဆက်ပြောသည်။

အဆိုပါအဖွဲ့သည် ဒေသခံများကို ခြိမ်းခြောက်စာပေးပို့ခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ငွေတောင်းခြင်းအပြင် ထိုင်းနိုင်ငံသို့ ဂဏန်း၊ ပုဇွန်၊ မီးသွေးပို့သည့် တနိုင်တပိုင် ကုန်လှေများကို ခြိမ်းခြောက်စာများပို့၍ အဓမ္မမ ငွေတောင်းခြင်းများပြုလုပ်သည်ဟု ကျွန်းစုမြို့နယ် ပကဖ ကထုတ်ပြန်ထားသည်။

“အခုအခြေအနေအရပြောရရင် ဒေါင်းနက်နဲ့ ခပ်ကင်းကင်းနေပေးကြပါ။ ဒေါင်းနက် သတင်းတွေ မြို့နယ် ပကဖ ဆီပေးပို့ကြပါ။ ဒါမှလည်း ကျွန်တော်တို့ဖက်က အကောင်းဆုံး အရေးယူပေးနိုင်မယ်။”ဟု ကိုငါးမန်းက ဆက်ပြောသည်။

ဒေါင်းနက်အဖွဲ့၏ ခြိမ်းခြောက်ငွေတောင်းမှုခံနေရသည့် ဒေသခံများမှာ (၄)ဦးနှင့်အထက်ရှိနေပြီဖြစ်ပြီး Tachileik News Agency ကရရှိထားသည့် ခြိမ်းခြောက်ငွေတောင်းစာတစ်ခုတွင်မူ ကျောက်မီးသွေးပိုင်ရှင်ထံမှ ဘတ်ငွေ(၅၀၀၀) အထိတောင်းယူထားသည်ကိုလည်း တွေ့ရှိရသည်။

“အခုလို ခြိမ်းခြောက်ငွေတောင်းတာ တခြားအဖွဲ့တော့ မကြားရဘူး။ အဲဒီအဖွဲ့က မစ်ရှင်လုပ်တာမရှိဘူး။ တောင်းပဲ တောင်းတာမျိုးပဲ ကြားတယ်ဗျ။ ဒေသခံတွေဘက်က ငွေပေးလိုက်တာ ရှိ၊ မရှိတော့ အသေးစိတ် သတင်းမရသေးဘူးဗျ။”ဟု ကိုငါးမန်းက ပြောသည်။

အဆိုပါဒေသများသည် ကျွန်းစုမြို့နယ် ပကဖ အနေဖြင့်လည်း ကာကွယ်ပေးရခက်နေသည့် ကျွန်းရွာများဖြစ်နေသော်လည်း ဒေသခံများကို ကာကွယ်ပေးနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်ဟု ဆိုသည်။  

ကျွန်းစုမြို့နယ်ပကဖ၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါအဖွဲ့သည် ကျွန်းစုမြို့နယ် ပကဖ နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

#TachileikNewsAgency

Photo: ကျွန်းစုမြို့နယ် ပကဖ (ပုံဟောင်း)