ဘူးသီးတောင်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စက်လှေတိမ်းမှောက်ကာ ပျောက်ဆုံးနေသူရှိဟု စစ်ကောင်စီတပ်သားရုပ်သံလွင့်ပြောဆို

ဘူးသီးတောင်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စက်လှေတိမ်းမှောက်ကာ ပျောက်ဆုံးနေသူရှိဟု စစ်ကောင်စီတပ်သားရုပ်သံလွင့်ပြောဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စက်လှေတိမ်းမှောက်ကာ ပျောက်ဆုံးနေသူရှိကြောင်း ထွက်ပြေးစစ်ကောင်စီတပ်သားတစ်ဦးက ပြောဆိုသည့် ရုပ်သံထွက်ပေါ်လာသည်။

အာရက္ခတပ်တော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များသည် စက်လှေများဖြင့် ထွက်ပြေးစဉ် စက်လှေတိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ရိုက် ဗီဒီယိုရိုက်နေတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့်(၄)နဲ့ နယ်ခြားစောင့်(၉)ရဲ့ လက်ရှိကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ ဗျူဟာက ချိတ်ပေးလို့ မောရ၀တီဗျူဟာက ချိတ်ပေးလို့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး။ တပ်မမှူး အမိန့်လည်းရပြီတဲ့။ ကွပ်ကဲရေးမှူး အမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့ ကျနော်တို့က။ သူတို့အရင် စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတယ်ဗျာ။ သူတို့ ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်းမခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ကမ်းခြေမှာလှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမ နှစ်ယောက် ရှာမရဘူးဗျာ ။ကလေးနှစ်ယောက်ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီးမျောနေတယ်ဗျာ”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ရုပ်သံတွင်ပြောထားသည်။

စက်လှေနှစ်မြှုပ်မှုကြောင့် ကလေးငယ်တချို့ပျောက်ဆုံးကာ ရေမွန်းသည့်ကလေးငယ်များပင်ရှိပြီး အမျိုးသမီးနှစ်ဦးနှင့် ကလေး နှစ်ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ခေါင်းဆောင်များသည် လူ့အသိစိတ်ဓါတ်ပျောက်ဆုံးသွားပြီဖြစ်သည်ဟုလည်း အာရက္ခတပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မှတ်ချက်ပြုထားသည်။ 

"တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ သူတို့အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓာတ်ပျောက်ဆုံးမှုတို့ကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။" ဟု ယနေ့တွင် ဦးခိုင်သုခက ထုတ်ပြန်ပြောဆိုထားသည်။ 

AA သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဇွန်လ (၂)ရက်နေ့မှစတင်၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency