တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ Micky စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသည့် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် လူငယ်(၉)ဦးကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပုဒ်မ(၃)ခုဖြင့် တစ်ဦးလျှင် ထောင်ဒဏ် (၉)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ထားဝယ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ တက္ကသိုလ်ကျောင်းသားလူငယ် (၉)ယောက်ကို ထောင်တွင်းတရားရုံးက ဒီနေ့မှာ အလုပ်နှင့်ထောင်ဒဏ် (၉)နှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။ သူတို့ကို မေလ(၂၉)ရက်နေ့က ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်က Micky အအေးဆိုင်မှာ ရှိနေစဉ်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုသည်။
ဖမ်းဆီးခံရသော တက္ကသိုလ်ကျောင်းသားလူငယ်များဖြစ်သည့် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် (၉)ဦးမှာ မထက်ထက်ဇော်၊ ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူးနှင့် မအိသန္တာတို့ဖြစ်ပြီး ၎င်းတို့အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂(က)တို့ဖြင့် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ထောင်ဒဏ် (၉)နှစ်စီ ချမှတ်လိုက်ကြခြင်း ဖြစ်သည်။
အမိန့်ချလိုက်သည့် (၉)ဦးအနက် စုလှိုင်နွေးသည် သားအိမ်နှင် ပတ်သက်သည့် ရောဂါရှိသူဖြစ်ပြီး ဆေးကုသမှု ခံယူရန် လိုအပ်နေသူလည်းဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရသည်။