စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထား

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထား

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ စစ်ကောင်စီတပ်သား (၁၀၀)ဝန်းကျင်ကို ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီးနေပြီး နေအိမ်များလည်း ပျက်စီးကြောင်း သိရသည်။

“စဉ့်ကူးတစ်မြို့နယ်လုံးမှာ (၃)နေရာတော့ ကျန်သေးတယ်။ မြို့တွင်းကိုတော့ ထိန်းချုပ်ထားနိုင်ပြီ။ ဒေသခံတွေကိုတော့ ပြန်မဝင်ခိုင်းသေးဘူး။ စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲနေလို့။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးတပ်များတိုက်ခိုက် သိမ်းပိုက်ရန်ကျန်ရှိနေသည့်နေရာများမှာ ချောင်းကြီးရွာရှိ ချောင်းကြီးရဲစခန်း၊ ထုံးကြီးရွာရှိ ထုံးကြီးရဲစခန်းနှင့် ရွာသာယာရွာ ပျူစောထီးစခန်းတို့ဖြစ်ပြီး ကျန်ရှိနေရာများအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

စဉ့်ကူးနှင့် မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြီးခဲ့သည့် ဇွန်လက စတင်၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်း(၃၀)ကျော်ကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်သည် မန္တလေးမြို့နှင့် မိုင်(၄၀)ဝန်းကျင်ဝေးပြီး ပျူစောထီးအများဆုံးထွက်ရှိရာ ဒေသတစ်ခုလည်းဖြစ်သည်။

#TachileikNewsAgency