မြစ်ကြီးနားအကျဉ်းထောင်တွင် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှုမရှိသည့်အပေါ် ဆန္ဒပြသည့်အထဲပါဝင်သည်ဟုဆိုကာ နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့အား ထပ်တိုးထောင်ဒဏ်များချမှတ်

မြစ်ကြီးနားအကျဉ်းထောင်တွင် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှုမရှိသည့်အပေါ် ဆန္ဒပြသည့်အထဲပါဝင်သည်ဟုဆိုကာ နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့အား ထပ်တိုးထောင်ဒဏ်များချမှတ်

စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှု မရှိသည့်အပေါ် ဆန္ဒပြသည့်အထဲ ပါဝင်သည်ဟုဆိုကာ နိုင်ကျဥ်းနှင့် အခြားအကျဉ်းသား (၁၃)ဦးတို့အား စစ်ကောင်စီက ထပ်တိုးထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဧပြီလ (၁၈)ရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့ ညနေ(၄)နာရီတွင် မြစ်ကြီးနားအကျဉ်းထောင်၏ အဆောင်(၆)နှင့် အဆောင်(၇)မှ အခြားရာဇဝတ်အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် တန်းတူမရှိသည့်အပေါ် တောင်းဆိုဆန္ဒပြခဲ့ကြခြင်းကြောင့် စစ်ကောင်စီက ၎င်းတို့ကို ထပ်တိုး ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှုဖြစ်စဉ်ကို ရပ်တန့်တားဆီးရန် အ‌ကျဉ်းထောင်၏ ဗဟိုကင်းမှ G-3သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အုတ်ရိုး မျှော်စင်အမှတ် (၃)နှင့် (၄)မှ ကာဘိုင်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြကာ ပစ်ခတ်မှုကို အဓိက အမိန့်ပေးစေခိုင်းသူမှာ ညွှန်ကြားရေးမှူး ဦးကျော်စိုးဖြစ်ပြီး သေနတ်ဖြင့် ပစ်သည့်သူများထဲတွင် တပ်သား ဇော်ဇော်မိုး တို့ပါဝင်ကြောင်း သိရသည်။ 

အကျဉ်းထောင်အာဏာပိုင်များနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ(၅)ဦးနှင့် ဒဏ်ရာရသူ (၇)ဦးရှိခဲ့ကြောင်း သိရသည်။ 

ဧပြီလ (၁၈)ရက်နေ့ ထောင်တွင်းအကြမ်းဖက် ဖြိုခွင်းပြီးနောက် (၁၁)ရက်အကြာ ဧပြီလ (၂၉ )ရက်နေ့တွင် ထောင်တွင်းဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသား (၁၃)ဦးကို ထောင်ပြင်ပမြို့နယ်တရားရုံးသို့ လူမသိသူမသိခေါ်ထုတ်၍ ပုဒ်မ ၆(၁)၊၆၆(ဃ)တို့ဖြင့် ထောင်ဒဏ် (၃)နှစ်(၆)လ အမိန့်ချမှတ်ကာ ထောင်တွင်း၌ တိုက်ပိတ်ခဲ့ကြောင်း သိရသည်။ 

အမိန့်ချမှတ်ခြင်းခံရသူများထဲတွင် ပုဒ်မ ၁၉(က)နှင့် ၁၉(င)တို့ဖြင့် ထောင်ဒဏ်(၅)နှစ်(၃)လ အမိန့်ချမှတ်ခံထားကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းနှင့် ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့အပြင် အခြားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဧပြီလ (၁၈)ရက်နေ့ဖြစ်စဉ် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ သေဆုံးခဲ့ရမှုအတွင်း တာဝန်ရှိသူများအဖြစ် ထောင်ပိုင်ကြီး ဦးကျော်မြင့်စိန်နှင့် ထောင်ပိုင်လေး ဦးကျော်မင်းဦးတို့သည် အမိန့်ပေးစေခိုင်းသူများထဲတွင် ပါဝင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင် တာဝန်ခံများ အသစ်အစားထိုးရောက်ရှိ၍ တာဝန်ယူနေကြပြီး ထောင်ပိုင်ကြီး(အသစ်) လှမျိုးအောင်နှင့် ထောင်ပိုင်လေး(အသစ်) ဇေယျာလင်းတို့ ဦးဆောင်အုပ်ချုပ်နေကြောင်း သိရသည်။

လက်ရှိတာဝန်ယူနေသည့် ထောင်ပိုင်လေး ဇေယျာလင်းသည် အင်းစိန်ထောင်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အကျဉ်းသားများကို အမြဲဆဲဆို၍ ဖိနှိပ်ထားကာ လက်ရှိအချိန်ထိ အဆိုပါထောင်တွင်းပြစ်ဒဏ် ချမှတ်ခံထားရသူ(၁၃)ဦးကို တိုက်ပိတ်ပြစ်ဒဏ်များချမှတ်ထားပြီး မိသားစုဝင်များ၏ ပါဆယ်ပို့ဆောင်ခွင့်များလည်း ပိတ်ပင်ထားကြောင်း သိရသည်။

#TachileikNewsAgency