အမျိုးသားညီညွတ်ရေးအစိုးရမှ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းများထံသို့ ဒုတိယအကြိမ် လက်နက်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၆)ရက်နေ့တွင် ကျင်းပခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ်(၃)၊ တိုင်းစစ်ဌာန(တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂) ထံ လက်နက်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခြင်းဖြစ်ကြောင်း တနင်္သာရီ ပကဖမှ ထုတ်ပြန်သည်။
အခမ်းအနားတွင် တိုင်းတာဝန်ခံ ရဲဘော် STAR မှ အဖွင့်အမှာစကားပြောခဲ့ပြီး တိုင်းစစ်ဌာန(တနင်္သာရီ)မှ ပြည်သူ့လုံခြုံရေးတာဝန်ခံ ရဲဘော် ငှက်ခါး ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ ဒုစစ်ကြောင်းမှူး နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တို့မှ လက်နက်ပေးအပ်ရခြင်း နှင့် စစ်ကြောင်းအလိုက် ဖော်ဆောင်နေသည့် စစ်ဆင်ရေးရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
လက်နက်ပေးအပ်ခြင်းအခမ်းအနားသို့ တိုင်းစစ်ဌာန(တနင်္သာရီ)မှ တာဝန်ရှိသူများ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) မှ တာဝန်ရှိသူများ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ နှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်း(၁) တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁)၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး စစ်ကြောင်း (၂)တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂) ၏ တပ်ခွဲ(၂) ၊ တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖ နှင့် တိုင်းစစ်ဌာန(တနင်္သာရီ) စစ်ဆင်ရေးဌာန၏ Drone လက်ရုံးတပ်ဖွဲ့ Dragon Squadတို့ဖြင့် ဖွဲ့စည်းထားကာ မြိတ်ခရိုင်အတွင်း စစ်ဆင်ရေးဖော်ဆောင်နေသည့် စစ်ကြောင်းများ ဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့