တောင်ကုတ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ ဧပြီလစာမရသလို မေလအတွက်လည်း လစာရရန်မသေချာ 

တောင်ကုတ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ ဧပြီလစာမရသလို မေလအတွက်လည်း လစာရရန်မသေချာ 

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ ဧပြီလစာမရသေးသည့်အပြင် မေလအတွက် လစာလည်း တောင်ပိုင်းရှိမြို့များ ရရန်မသေချာဖြစ်နေသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

သံတွဲနှင့် တောင်ကုတ်မြို့နယ်ကြားရှိ သံတွဲမြို့နယ်အပိုင် ကျေးရွာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်နေခြင်းကြောင့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ လစာမရဖြစ်နေသည်ဟု သိရသည်။

"သံတွဲခရိုင်ကနေ လစာပေးတဲ့ မြို့တွေရှိတယ်။ အဲဒီမြို့တွေမှာ တောင်ကုတ်လည်းပါတယ်။ လစာပေးနိုင်ဖို့ဆို သံတွဲစီးပွားရေးဘဏ်ကနေ ငွေယူပြီးတော့ ပေးရတာ။ အခုတိုက်ပွဲဖြစ်နေတော့ ငွေမပို့နိုင်ဘူး။ သံတွဲနဲ့ တောင်ကုတ်ကြားမှာ တိုက်ပွဲဖြစ်နေတော့

ဒီလလည်း မသေချာဘူး။ သံတွဲကလူတွေတော့ လစာရကြတယ်။"ဟု ဝန်ထမ်းတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ စတင်မဖြစ်ခင် (၃)လအလိုကတည်းကပင် ဘဏ်ရှိ‌ငွေသားများကို နီးစပ်ရာ စစ်ကောင်စီတပ်ထံတွင် သွားရောက်အပ်နှံထားရသည်ဟု သိရသည်။

"သံတွဲမှာဆိုရင် ငပလီက ခလရ(၅၅)တပ်မှာ သွားအပ်ထားရတယ်။ စီးပွားရေးဘဏ်က မြို့ထဲမှာ မနက်ဆိုရင် ဘဏ်ကနေ (၃)မိုင်လောက်ဝေးတဲ့ ခလရ(၅၅)တပ်ကို ငွေသွားထုတ်၊ ညကျရင် ပြန်သွားအပ်ရနေတယ်။"ဟု ဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။

တောင်ကုတ်မြို့ရှိ မြို့နယ်ခွဲတချို့တွင်မူ ကုန်းကြောင်း၊ ရေကြောင်း တို့ဖြင့် စစ်ကောင်စီတပ်ထံမှ ငွေသယ်ယူနေကြရပြီး အဆင်မပြေမှုများဖြစ်နေသည်ဟု ဆိုသည်။

"အရင်ကဆိုရင် နီးစပ်ရာရဲစခန်းမှာ ဘဏ်ငွေတွေကို အပ်ထားကြတာ။ ငွေတိုက်ခန်းရှိတဲ့ဘဏ်ကတော့ အခန်းထဲမှာဘဲထားတာပေါ့။ အခုတိုက်ပွဲတွေစဖြစ်တော့ စစ်တပ်ထဲလာထားရမယ်ပြောလို့ သွားထားနေကြရတယ်။"ဟုလည်း ဝန်ထမ်းတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်‌ ရွှေတိုက်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဧပြီလ (၁၃)ရက်နေ့မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

#TachileikNewsAgency