စစ်ကောင်စီက ရခိုင်မျိုးဆက်သစ်အသင်းကို အသင်းမှတ်ပုံတင် ပယ်ဖျက်ရန် စီစဉ်နေသလို နိုင်ငံအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှု ရှိမရှိ စိစစ်ခိုင်းထား

စစ်ကောင်စီက ရခိုင်မျိုးဆက်သစ်အသင်းကို အသင်းမှတ်ပုံတင် ပယ်ဖျက်ရန် စီစဉ်နေသလို နိုင်ငံအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှု ရှိမရှိ စိစစ်ခိုင်းထား

 ရခိုင်ပြည်နယ် စစ်တွေ့မြို့ အခြေစိုက် ရခိုင်မျိုးဆက်သစ်အသင်းကို အသင်းမှတ်ပုံတင်ကနေ ပယ်ဖျက်ရန် အာဏာသိမ်း စစ်ကောင်စီက လုပ်ဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များရှိ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ပံ့မှု ရှိ မရှိ စိစစ်ရန် အဆင့်ဆင့် ညွှန်ကြားထားသည်။ 

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်မျိုးဆက်သစ်အသင်းကို  AA အား ထောက်ပံ့နေသည့် အသင်းအဖွဲ့ဟု စွပ်စွဲကာ အသင်းမှတ်ပုံတင် ပယ်ဖျက်ရန် နှင့် လုပ်ငန်းဆောင်ရွက်မှု ပြီးစီးသည့် အခြေအနေများကို ပြန်လည် တင်ပြလာရန် ရခိုင်ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ထံသို့ ၂၀၂၄ခုနှစ် ဇွန်လ၏ တတိယပတ်အတွင်းက ညွှန်ကြားထားကြောင်း သိရသည်။

“ဒီကာလမှာ ရခိုင်ရယ်လို့ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုးမဆို မယုံဘူး။ ရခိုင်ဆို ပိုဆိုးတာပေါ့။ ဒီအဖွဲ့ အဖွဲ့အစည်းတွေကို တရားမဝင် ဖျက်သိမ်းမယ်ဆိုရင် သက်သေတခုတော့ ပြရမှာပေါ့။ အဲဒီအဖွဲ့အစည်းရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တရားစွဲတာတို့၊ ဘာတို့ ရှိရမှာပေါ့နော်။ အဲဒီလိုမဟုတ်ဘဲ အဖွဲ့အစည်းဆိုရင် ငါတို့ရန်သူ ပဲ ULA/AA ကို တနည်းမဟုတ် တနည်းထောက်ပံ့နေတာပဲ။ အဲဒီလို အတွေးအခေါ်မျိုး၊ စိတ်ဓာတ်မျိုးနဲ့ လုပ်ရင်တော့ အသင်းအဖွဲ့တွေ ကျန်တော့မှာ မဟုတ်ဘူး။ အသင်းအဖွဲ့တွေ မှန်သမျှ သူတို့လက်အောက်မှာ ပေးဆိုပေး၊ ယူဆိုယူ၊ လာဆိုလာ၊ သွားဆိုသွား ခိုင်းနေတာပေါ့နော်။ အသင်းအဖွဲ့တွေကို လွတ်လပ်ခွင့် ပေးချင်တာ မဟုတ် ဘူး။ ဒါတွေကတော့ အဆန်း မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုး၊ လုပ်စဉ်၊ လုပ်ရပ်တစ်ခုလို့ ပြောချင်ပါ တယ်။”ဟု ရခိုင်အမျိုးသားပါတီ(ANP)ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက Tachileik News Agency ဇူလိုင်လ(၂)ရက်နေ့တွင် ပြောသည်။

တိုင်းနှင့်ပြည်နယ်အဆင့် မှတ်ပုံတင်ရေးအဖွဲ့များထံသို့လည်း သက်ဆိုင်ရာ မြို့နယ်များရှိ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့မှုများ ရှိ မရှိ စိစစ်ရန် နှင့် စိစစ်ပြီးစီးမှု အခြေအနေများကို ပြန်လည်တင်ပြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ရခိုင်မျိုးဆက်သစ်အသင်းနှင့် ပတ်သက်၍ “ပယ်ဖျက်လိုက်တာတော့ မသိရသေးဘူး။ ထုတ်ပြန်တာလည်း မတွေ့ရသေးဘူး။”ဟု ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

Tachileik News Agency အနေဖြင့်  ရခိုင်မျိုးဆက်သစ်အသင်းအား ဆက်သွယ်မေးမြန်းရန် လုပ်ဆောင်သော်လည်း ဆက်သွယ်၍ မရသေးပေ။ 

ရခိုင်ပြည်နယ်အတွင်း စစ်ရေးသိက္ခာကျဆင်းပြီး အရှုံးများနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း  သက်တမ်း(၁၀)နှစ်ကျော်ရှိသည့် ရခိုင်အမျိုးသားပါတီ(ANP)ကိုလည်း  ပြန်လည် မှတ်ပုံတင်ခွင့်လည်း ပယ်ချထားသလို လူမှုရေးအသင်းအဖွဲ့များကိုလည်း အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်မှု ရှိမရှိပါ စိစစ်ခိုင်းထားကြောင်း သိရသည်။