ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာမှ ဖမ်းဆီးထောင်ချခံထားရသည့် ဒေသခံ (၁၈) ဦးအနက် (၁၆) ဦးမှာ ၂၀၂၄ ခုနှစ် မေလ (၁၀) ရက်နေ့တွင် တောင်လေးလုံးအကျဉ်းထောင်မှပြန်လွတ်လာကြောင်း သိရသည်။
ရွှေပြည်အေးရွာသား (၂၀)ဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က)ဖြင့် တရားစွဲဆိုကာ
တောင်လေးလုံးအကျဉ်းထောင်တရားရုံးက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၂၁) ရက်တွင် ထောင်ဒဏ်(၃) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ် ဖမ်းဆီးထောင်ချတဲ့ ရွှေပြည်အေးရွာသား (၁၆) ယောက် ပြန်လွတ်ပါပြီ။ တစ်ဦးကတော့ ထောင်ထဲမှာ ဖျားနာပြီး သေဆုံးသွားပါတယ်။ လက်ရှိတော့ သူတို့လည်း စစ်ရှောင်နေရပါတယ်။
ဟု နီးစပ်သူတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။
စစ်ကောင်စီက ၎င်းတို့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့သွားခဲ့ပြီး ဖမ်းဆီးစဉ်က (၂၀)ဦးဖြစ်ကာ အသက် (၅၀)အရွယ်နှင့် အသက် (၇၀)အရွယ် အမျိုးသားနှစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ကာ (၁)ဦးမှာ ထောင်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
အကုန်လုံးပြန်မလွတ်သေးဘူးလို့ သိရပါတယ်။ တစ်ဦးကျန်နေသေးတယ်။ ပြန်လွတ်တာ(၁၆)ဦး သေသွားတာ(၃)ဦးပါ။
ဟု နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါဒေသခံများမှာ ၂၀၂၁ ခုနှစ်က တိုက်ပွဲဖြစ်ချိန် အိမ်စောင့်ကျန်ခဲ့သူများဖြစ်ကာ စစ်ကောင်စီတပ်က ရွာအတွင်းသို့ ဝင်လာပြီး ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။