စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး သေဆုံးပြီဟု သတင်းထွက်ပေါ်

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး သေဆုံးပြီဟု သတင်းထွက်ပေါ်
ဖေဖော်ဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စုအတွင်းရှိ ညောင်ခါးရှည်ဂိတ်တွင် ဖမ်းဆီးခံရသည့်  နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး အပါအဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ၎င်းတို့နှင့် အဆက်အသွယ်မရဖြစ်နေသဖြင့် မိသားစုဝင်များက စိတ်ပူနေ‌ကြောင်း သိရသည်။

မနိုဘယ်လ်အေးအပါအဝင် (၂)ဦးကို စစ်ကောင်စီတပ်က ပဲခူးတိုင်း ညောင်ခါးရှည်ဂိတ်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၂၉)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပထမဆုံး ဖမ်းမိတဲ့ အမျိုးသားတစ်ဦးကို သတ်လိုက်တယ်။ ပြီးတော့ နှစ်ယောက်လုံးကို သတ်လိုက်တယ်လို့ သတင်းထွက်လာတယ်။ ဒီသတင်းကြားတာ နှစ်ပတ်လောက်တော့ရှိပြီ။ ဖမ်းမိကတည်းက အဆက်အသွယ်မရတော့တာ"ဟု ၎င်းတို့ နှင့်နီးစပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက Tachileik News Agency ကို ပြောသည်။

၎င်းတို့ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၈)ရက်နေ့တွင် ဝေါမြို့ နယ်တရားရုံးသို့ ရုံးထုတ်ပြီးအပြန် ကျိုက်လတ်ရွာတွင် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"ညောင်ခါးရှည်မှာ လက်နက်တွေနဲ့ မိတဲ့နှစ်ဦးကို (၈)ရက်နေ့က တရားရုံးမှာ ရုံးထုတ်ပြီးတော့ အပြန်လဲကျရော ပစ်သတ်လိုက်တာ။ အဲဒီအလောင်းကို ဝေါဆေးရုံပို့တယ်။ ဘယ်သူမှလည်းကြည့်ခွင့်မရဘူး။ ပြီးတော့ တိုးတိုးတိတ် တိတ်ဘဲ မြေမြှုပ်လိုက်တယ်လို့ ပြောတယ်။ ဒီသတင်းကို သက်ဆိုင်ရာ ဖရဲသီးတွေက ပြောတာ။"ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ ၎င်းတို့နှစ်ဦးကို   စနိုက်ပါတစ်လက်၊ အမ် (၁၆)တစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်အိမ် (၅)ခု၊ ကျည် (၂၉၀၀)တောင့်၊ ယမ်းပျော့ (၆)ကီလိုဂရမ်တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ဝါဒဖြန့်ခဲ့သည်။

မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စတွင်လည်း ထပ်မံဖမ်းခံခဲ့ရသူ ဖြစ်ပြီး Covid19 ကာလအတွင်း၌လည်း လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူဖြစ်သည်။