ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ဆီပေပါကား ပစ်ခတ်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ (၃)ဦးသေဆုံး

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ဆီပေပါကား ပစ်ခတ်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ (၃)ဦးသေဆုံး
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ထောက်ပို့ဆီပေပါကားကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးပြီး လက်နက်(၂)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း(၄)၊ တပ်ရင်းတပ်ခွဲ(၁)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့က အဆိုပါ စစ်ကောင်စီတပ်၏ ဆီပေပါကားအား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာလမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါ ဗိုလ်ကြီးတစ်ဦးနှင့် စစ်ကောင်စီတပ်သား(၂)ဦးလည်း သေဆုံးခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“အရင်ဆုံးမိုင်းဆွဲတာပါဗျ။ မိုင်းဆွဲပြီးတာနဲ့ ‌ရဲဘော်တွေက ကားလမ်းပေါ်တက်ပြီး ရှေ့ကနေ စီးပစ်တာပါဗျ။ အဲဒါပြီးတော့ ကားချောက်ထဲထိုးကျသွားတာပါဗျ။ ကားပေါ်ဆီပေပါတွေကိုတော့ ဖျက်ဆီးခဲ့ပြီး စစ်တပ်နဲ့နီးနေတဲ့အတွက် ပြန်ဆုတ်လာခဲ့တာပါဗျ။”ဟု Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း(၄)၊ တပ်ရင်းတပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများထံမှ MA 3 တစ်လက်နှင့် G 3 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ခဲယမ်းလိုအပ်ချက်ကြောင့် Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း (၄)၊ တပ်ခွဲ(၁)အား ခဲယမ်းများ ကူညီပေးရန်လည်း တောင်းဆိုထားသည်။

တိုက်ခိုက်မှုကို Caf-Spupdf ပခုက္ကူခရိုင် တပ်ရင်း(၄)၊ တပ်ရင်းတပ်ခွဲ(၁)၊ တပ်ရင်းတပ်ခွဲ(၂)၊ Yenathar Youth Force(YYF)၊ ဆိတ်ဖြူမြေလတ်ပကဖတို့ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency