KNLA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါ ၃၀ ဦးသေဆုံး

KNLA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါ ၃၀ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေအတွင်း တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်အား KNLA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါ (၃၀)ဦးသေဆုံးကြောင်း KNU က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။ 

စက်တင်ဘာလ (၃၀)နေ့က စစ်ကောင်စီတပ်သားများသည် ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဖက်သို့ တပ်ဆုပ်လာစဥ် လယ်ဝါးထာနှင့် စောမူပလောဒေသတွင် KNLA တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

KNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦး အပါအဝင် (၃၀)ဦး သေဆုံးသည်ဟု သိရသည်။ 

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံမှ ၆၀မမ (၅)လက်၊ RPG တစ်လက်၊ MA-1 (၁၆)လက်၊ MA-2 (၃)လက်၊ MA-3 (၅)လက်၊ MA-4 တစ်လက်၊ A-5 တစ်လက်၊ ၉ မမ ပစ္စတို တစ်လက်၊ စက်လတ် (၂)လက်၊ ဆက်သွယ်ရေး စကားပြောစက်ကြီး (၄)လုံး၊ စကားပြောစက် အသေး တစ်လုံးနှင့် မိုင်းရှင်းစက်တစ်လုံးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNU-Mutraw News