ရမ်းဗြဲမြို့ကို စစ်ကောင်စီသည် မြို့လုံးနီးပါးပျက်စီးအောင် ပြုလုပ်လိုသည့်ပုံပေါက်နေဟု AA ပြော

ရမ်းဗြဲမြို့ကို စစ်ကောင်စီသည် မြို့လုံးနီးပါးပျက်စီးအောင် ပြုလုပ်လိုသည့်ပုံပေါက်နေဟု AA ပြော

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကောင်စီသည် တစ်မြို့လုံးနီးပါးပျက်စီးအောင် ပြုလုပ်လိုသည့်ပုံပေါက်နေကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားပြီဖြစ်သည့် ပေါက်တောမြို့နည်းတူ စစ်ကောင်စီတပ်သည် ကြည်း၊ ရေ၊ လေဖြင့် ရမ်းဗြဲတစ်မြို့လုံးကို ပျက်စီးရန် ပြုလုပ်လိုသည့် ပုံပေါက်နေပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ မပျက်စီးရန် မြိုတွင်းတိုက်ပွဲများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန်ထားသည်။  

ရမ်းဗြဲမြို့တွင် မြေပြင်တိုက်ပွဲ ကြီးကြီးမားမားမရှိသော်လည်း စစ်ကောင်စီတပ်သည် Y-12လေယာဉ်များဖြင့် ရမ်းဗြဲမြို့အတွင်းသို့ လေကြောင်းမှ ဗုံးကြဲချမှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိတွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မင်းပြားတိုက်ပွဲ၌ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တစ်ပြိုင်နက်တည်း ခုခံကာကွယ်နေသည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်တော်သည် မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ နေဗီသင်္ဘောများအား ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီးတွင် ရပ်နားထားသည့် နေဗီသင်္ဘောသည် အနီးဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးပင်ကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မင်းပြားမြို့နယ်၊ ကြပ်စင်မြစ်အတွင်းရှိ စစ်ကောင်စီ၏နေဗီသင်္ဘောမှ သဲတန်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး ‌ဒေသခံ(၇)ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency