အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ကျောင်းဆရာ ဆရာမ အပါအဝင် အင်အား (၄၂,၀၀၀)အသုံးပြုပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို နိုဝင်ဘာလ(၁)ရက်နေ့ စတင်ရန် စီစဉ်နေ

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ကျောင်းဆရာ ဆရာမ အပါအဝင် အင်အား (၄၂,၀၀၀)အသုံးပြုပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို နိုဝင်ဘာလ(၁)ရက်နေ့ စတင်ရန် စီစဉ်နေ
ဇန်နဝါရီ 23, 2024 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမှုကို လူအင်အား(၄၂,၀၀၀)အသုံးပြုပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာလအတွင်း၌ ပြုလုပ်ရန်   စီစဉ်နေလျှက်ရှိကြောင်း သိရသည်။

၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမှုကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ကနေ နိုဝင်ဘာလ(၁၅)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းစာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့်  စာရင်းကောက်ယူရေးအတွက် သင်တန်းများကိုလည်း ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ကနေ စက်တင်ဘာလ(၂၈)ရက်နေ့အထိ အဆင့်(၃)ဆင့်ခွဲပြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"စာရင်းကောက်ယူတဲ့အခါမှာ CAPI စနစ်ထည့်သွင်းထားတဲ့ Mobile Tablet တွေနဲ့ သတ်မှတ်ရက်အတွင်း တစ်အိမ်တက်ဆင်း ကောက်ဖို့စီစဉ်ထားကြတယ်။ စာရင်းကောက်ဖို့အတွက် ကျောင်းဆရာ၊ ဆရာမ (၃၀,၀၀၀)ကျော်ကို ခေါ်သုံးဖို့ရှိတယ်။ လိုအပ်တဲ့အရေအတွက်ကိုတော့ Volunteers တွေကို နေ့တွက်ကြေးပေးပြီး ခိုင်းဖို့ရှိပါတယ်။"ဟု နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စာရင်းစစ် (၉,၀၀၀)ဦး နှင့် စာရင်းကောက်အတွက် (၃၃,၀၀၀)ဦးရေ စုစုပေါင်း (၄၂,၀၀၀)သတ်မှတ်ထားရာတွင် စာရင်းစစ် နှင့် စာရင်းကောက်အတွက် မူလတန်းပြ၊ အထက်တန်းပြ နှင့် အလယ်တန်းပြ ဆရာ၊ဆရာမများအပါအဝင် ဌာနဆိုင်ရာများကို အသုံးပြုမည်ဖြစ်သော်လည်း ပညာရေးဌာန၏ လူဦးရေကို အများဆုံး အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

စာရင်းစစ်၊ စာရင်းကောက်များအတွက် သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းအဖြစ် ယခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ လည်းကောင်း၊ ခရိုင်အဆင့် နည်းပြသင်တန်းကို စက်တင်ဘာလ(၃)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ လည်းကောင်း၊ စာရင်းစစ်/စာရင်းကောက်သင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့ကနေ စက်တင်ဘာလ(၂၈)ရက်နေ့အထိ ပို့ချရန် စီစဉ်ထားပြီး စာရင်းစစ်/စာရင်းကောက်သင်တန်းတွင် (၃၉,၂၄၀)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးတွင် အသုံးချမည့် (၄၂,၀၀၀)ဦးအနေဖြင့် သင်တန်းစတက်သည့်နေ့က စပြီး သန်းခေါင်စာရင်းကောက်ယူပြီးစီးသည်အထိ (၂)လခန့် တာဝန်ယူပေးရမှာ ဖြစ်သော်လည်း သင်တန်းတက်သည့် နေ့ရက်များနှင့် စာရင်းကောက်ယူသည့်နေ့များအတွက်သာ ဝန်ထမ်းများကို ကျွေးမွေးစရိတ် နေ့လျှင် ကျပ်(၄၀၀၀)ပေးမည်ဖြစ်ပြီး Volunteers များကို တစ်နေ့လျှင် နေ့တွက်စရိတ်နှင့်ကျွေးမွေးစရိတ် အပါအဝင် ကျပ်(၈၈၀၀)ပေးမည်ဖြစ်ရာ ကုန်ကျစရိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၏ ခွင့်ပြုရန်ပုံငွေကနေ အသုံးပြုမည်ဟု သိရသည်။

#TachileikNewsAgency