ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုဒ်တွင် Sex Doll နှစ်ရုပ်အား ရင်ငွေ့လှုံခြင်း လာရောက်ဆောင်ရွက်ခဲ့သည့် သက်ဆိုင်သူပုဂ္ဂိုလ်များအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူသွားရန် စီစဉ်နေသည်ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သတင်းထုတ်ပြန်လာသည်။
"၂၂-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် သူရဿတီမယ်တော်နှင့် သီရိဒေဝီမယ်တော် အမည်ရှိ ရုပ်တု(၂)ခုအားရွှေတိဂုံစေတီတော် တောင်ဘက်ကားကွင်း ကျောက်စာတိုင်အနီးတွင်ရင်ငွေ့လှုံခြင်း လာရောက်ဆောင်ရွက်ခဲ့သည့် သက်ဆိုင်သူပုဂ္ဂိုလ်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။"ဟု ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ ည(၇)နာရီ (၅၀)မိနစ် အချိန်က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ယနေ့အောက်တိုဘာလ(၂၂)ရက်၊ နံနက်ပိုင်းက သူရဿတီမယ်တော်နှင့် သီရိဒေဝီမယ်တော် အမည်ရှိ အရုပ်(၂)ခုအား ရွှေတိဂုံစေတီတော် တောင်ဘက်ကားကွင်း ကျောက်စာတိုင်အနီးတွင် ရင်ငွေ့လှုံခြင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံဘုရား၏ တော်ဖက်မုဒ်တွင် Sex Doll အရုပ်ကို မယ်တော်အဖြစ် အစားထိုးပြီး ကိုးကွယ်မှုအဖြစ် ရင်ငွေ့လှုံအသက်သွင်းခြင်း အခမ်းအနားပြုလုပ်သည့်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများမြင့်တက်ခဲ့သည်။
အဆိုပါ အရုပ်များကို လိင်စိတ်ဖြေရန်အတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ထိုင်ကန်တော့သည့်အပြင် ရွှေတိဂုံစေတီတော်တွင် ရင်ငွေ့လှုံသည့် ခြင်းပါ ပြုလုပ်၍ ဝေဖန်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါ အရုပ်တစ်ရုပ်လျှင် ဒေါ်လာ(၂၄၀၀)ကျသင့်သည်ဟု သိရသည်။
သာသနာတော်ညှိုးနွမ်းစေမှုနှင့်ပတ်သက်ပြီး တခုခုဆိုလျှင် ထုတ်ပြန်ချက်ထုတ်လေ့ရှိသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို) - YMBA နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့မှု နှုတ်ဆိတ်နေလျှက်ရှိသည်။