ဆားလင်းကြီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း

ဆားလင်းကြီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း
ဇန်နဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲ-ယင်းမာပင်-ဆားလင်းကြီး (၃)မြို့နယ်အစပ် လက်တောင်းငယ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Frontထံမှ သိရသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ချင်းတွင်းမြစ်ကြောင်းမှ ကူးတို့ကူးပြီး စစ်ကြောင်းထိုးလာသည့် အင်အား(၈၀)ပါ စစ်ကြောင်းကို ဇန်နဝါရီလ (၂၁)ရက်နေ့တွင် လက်တောင်းငယ်ကျေးရွာအနီး၌ တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ကွပ်ကဲရေး၏ လမ်းညွှန်မှုဖြင့် ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များမှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၄)နာရီကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA 3တစ်လက်၊ RPG အဖူး (၄)ခု၊ (၆၀)မမ (၄)လုံး၊ (၄၀)မမ ဗုံးသီး (၁၅)လုံး၊ (၅.၅၆)ကျည် အတောင့် (၂၀၀၀)ကျော်နှင့် ခဲယမ်းပစ္စည်းအစုံကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော်(၅)ဦးလည်း အသက်အန္တရာယ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

#TachileikNewsAgency