စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် တည်ထောင်လိုစိတ်မရှိ၊ စစ်တပ်အခန်းကဏ္ဍ ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် အာဏာသိမ်းခြင်းဖြစ်ဟု KNU ဥက္ကဌပြော 

စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် တည်ထောင်လိုစိတ်မရှိ၊ စစ်တပ်အခန်းကဏ္ဍ ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် အာဏာသိမ်းခြင်းဖြစ်ဟု KNU ဥက္ကဌပြော 
ဇန်နဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီသည် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်အဖြစ် တည်ထောင်လိုစိတ်မရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့အတွက် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။

၂၀၂၁ခုနှစ်တွင် စစ်တပ်အာဏာသိမ်းခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲများရပ်ဆိုင်းသွားပြီး ယခုကဲ့သို့ စစ်တပ်အာဏာသိမ်းခြင်းသည် စစ်တပ်က တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ထောင်လိုစိတ်လုံးဝမရှိသည်မှာ ပေါ်လွှင်ထင်ရှားသည်ဟု ပြောသည်။

မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်များ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းလိုမှုမရှိခြင်း၊ သဘောထားဖြောင့်မှန်မှုမရှိခြင်းတို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ခဲ့ဟု ပြောသည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုရလဒ်တချို့ ရရှိခဲ့ကာ တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

သို့သော်လည်း စစ်တပ်သည် အာဏာလျော့နည်းသွားမည်ကို စိုးရိမ်ပူပန်မှု၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် စစ်တပ်အခန်းကဏ္ဍပျောက်ဆုံးမည်ကို စိုးရိမ်မှုများကြောင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထို့အပြင် စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံက ရေးသားပေးအပ်ထားသည့် အခွင့်အာဏာအတိုင်း အာဏာကို ဆက်လက်ကိုင်စွဲထားလိုခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်တပ်သည် အာဏာသိမ်းရခြင်းအကြောင်းအရင်းများကို အခြေအမြစ်မရှိ အကြောင်းပြခဲ့ပြီး ယင်းသို့အာဏာသိမ်းခြင်းကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အစိုးရဝန်ထမ်းများ၊ လူငယ်များက ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ရာ စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် ထိခိုက်၊ သေဆုံးခြင်းများရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြမှုမှတဆင့် ခုခံကာကွယ်ရန် လက်နက်စွဲကိုင်ခြင်းနှင့် လက်နက်ကိုင်လမ်းစဉ်အထိ ပြင်းထန်လာခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးမှ လက်နက်ကိုင်လမ်းစဉ်ဖြစ်လာသည်ဟု ဆိုသည်။

စစ်တပ်အာဏာသိမ်းသည့် (၃)နှစ်အတွင်း စစ်ကောင်စီတပ်သည် တပ်သားအသေအဆုံးများလာသည့်အပြင် စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးလာကာ တော်လှန်ရေးတပ်များထံ လက်နက်ချအညံ့ခံခြင်းများရှိလာသည်ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လူမဆန်သည့် စစ်ရေးနည်းလမ်းကိုအသုံးပြုနေပြီး မည်သည့်စစ်တပ်မဆို လိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်နေသည်ဟုလည်း ပြောသည်။

KNUသည် စစ်အာဏာရှင်ကျဆုံးရေးတင်မကဘဲ အာဏာရှင်စနစ်အားလုံးနှင့် လူမျိုးကြီးဝါဒများအားလုံး အမြစ်ပြတ်ကျဆုံးရေးကို ဦးတည်ရည်ရွယ်ထားခြင်းကြောင့် ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး အတူတကွ ဆက်လက်ရင်ဆိုင်ပြီး တော်လှန်ရေးကြီးတွင် အတူတကွ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency