တပ်မဟာ ၅ နယ်မြေတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၈၀၀ ကျော်သေဟု KNU ထုတ်ပြန်

တပ်မဟာ ၅ နယ်မြေတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၈၀၀ ကျော်သေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲပေါင်း (၁၈၅၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၆၉)ဦး သေဆုံးသည်ဟု KNU မူတြော်ခရိုင်ရုံးချုပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ  KNLAတပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၃)ဦး၊ ဒု-ခွဲမှူး(၃)ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၆၉)ဦး သေဆုံးခဲ့ပြီး (၆၀၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်စခန်း အဆောက်အဦး(၃၁)လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံးမော်တော်ယဉ်(၁၃)စီးကိုလည်း မီးရှို့ဖျက် ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ခုနှစ်အတွင်း စစ်‌ကောင်စီတပ်သည် စခန်း(၂)ခုအား စွန့်ခွာထွက်ပြေးသွားပြီး ၎င်းတို့၏ အချက်အချာကျသော တပ်စခန်းတစ်ခုအား KNLA တပ်မဟာ(၅)က တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သား(၃၀)ဦး KNLA တပ်မဟာ(၅)ထံ  လက်နက်ချအလင်းဝင်လာခဲ့သည်ဟု သိရသည်။

တစ်နှစ်တာတိုက်ပွဲအတွင်း KNLA တပ်မဟာ(၅)မှ ရဲဘော်(၄၅)ဦး ကျဆုံးပြီး (၁၈၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများနှင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ (၇၄)ကြိမ် ဗုံးအလုံးရေ(၂၈၃)လုံး လာရောက်ကြဲချကာ  လေယာဉ်တင်စက်သေနတ်ဖြင့် အကြိမ်ရေများစွာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် အရပ်သား(၃၀)ဦးသေဆုံးကာ (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၉၃)လုံး၊ စာသင်ကျောင်း(၄)လုံး၊ ကျောင်းအစည်းအဝေးခန်းမဆောင်တစ်ဆောင်၊ ဘုရားကျောင်း (၆)ခု၊ ဝတ်ပြုဆုတောင်းရာအဆောင် (၂)ဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း(၄)လုံး၊ မော်တော်ကား (၂)စီးနှင့် ဆိုင်ကယ် (၃)စီးအပြင် အခြားပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency