မြဝတီမြို့တွင် KNU အမည်အသုံးချကာ ငွေကြေးတောင်းခံသည့်အဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု KNU ထုတ်ပြန်

မြဝတီမြို့တွင် KNU အမည်အသုံးချကာ ငွေကြေးတောင်းခံသည့်အဖွဲ့ကို ဖော်ထုတ်အရေးယူမည်ဟု KNU ထုတ်ပြန်
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် မြဝတီမြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တံဆိပ်အတုပြုလုပ်၍ လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကြေးတောင်းခံရန် ကြိုးစားသူများကို ဖော်ထုတ်ပြီး လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း KNUဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁)ရက်နေ့က မသာမာသူ လူတစ်စုက KNUနှင့် KNLA တပ်မတော်၏ အမည်၊ အမှတ်တံဆိပ်နှင့် စည်းတံဆပ်တို့ကို အတုပြုလုပ်၍ မြဝတီမြို့နေ လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကြေးအတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံရန် ကြိုးစားသည့်အမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျူးလွန်သူများသည် ပြည်သူလူထုက KNUအပေါ် အထင်အမြင်မှားပြီး KNU၏ နိုင်ငံရေးဂုဏ်သိက္ခာကို ညိုးနွမ်းစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ယူဆသည်ဟု KNUက ထုတ်ပြန်သည်။

KNUအနေဖြင့် အဆိုပါကိစ္စကို လုံးဝလက်မခံနိုင်ကြောင်းနှင့် KNU အမည်ကို အသုံးချ၍ မတရားငွေကြေး တောင်းခံသည့်အမှုကို ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သောအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

KNUသည် ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်စိုက်မတ်မတ်ကြိုးစားထိန်းသိမ်း ကာကွယ်စောင့်ရှောက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် အလားတူကိစ္စရပ်များ ရင်ဆိုင်ကြုံတွေ့လာရပါက နီးစပ်ရာ KNUတာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားရန် အသိပေးထားသည်။

KNUသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေးစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တော် လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများ၊ နွေဦးတော်လှန်ရေးအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

#TachileikNewsAgency