မြောက်ဦးတိုက်ပွဲ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၃ဦးသေဆုံး ၆ ဦးဒဏ်ရာရ

မြောက်ဦးတိုက်ပွဲ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၃ဦးသေဆုံး ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် မြောက်ဦးမြို့ ငွေတောင်ပေါက်တံတားရှိ ငွေတောင်ပေါက်ရဲစခန်းနှင့် သူတော်မတောင်စခန်းတို့ကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာသို့ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ ခမရ (၅၄၀)နှင့် ခမရ (၃၇၇)တို့မှ မြောက်ဦးမြို့နှင့် အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် အကြိမ်(၁၀၀)ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်တစ်လုံး မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရပြီး အသက် (၁၄)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရွာဟောင်းတောကျေးရွာတွင်းကိုလည်း လက်နက်ကြီး(၂)လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၄၀)အရွယ် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် မြောက်ဦးအခြေစိုက် ခမရ (၅၄၀)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ဒေသခံလင်မယား (၂)ဦး သေဆုံးသွားခဲ့ပြီး အသက်(၅)နှစ်အရွယ် သမီးဖြစ်သူတွင် ဘယ်လက် ပြတ်ထွက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များကြောင့် ‌မြောက်ဦးမြို့ပေါ်ရှိ နေအိမ်အချို့ ပျက်စီးသွားသည်ဟုလည်း သိရသည်။

ခမရ (၃၇၇)တပ်ရင်းမှ တပ်ဖွဲ့ဝင်အင်အား (၇၀)ကျော်ခန့်သည်လည်း မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်းအတွင်းသို့ ဝင်ရောက်လာကာ ၎င်းရပ်ကွက်အတွင်းမှ ဒေသခံ (၆)ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ဗန္ဓုလရပ်ကွက် (ကျက်ပိတ်)၊ သင်္ချိူင်းဖက်မှ ဗန္ဓုလရပ်ကွက်အတွင်းသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံ (၃)ဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရ သည်။



ဘူးသီးတောင်မြို့တွင်လည်း အမှတ် (၅)ရပ်ကွက်အတွင်းသို့ စစ်ကား (၂)စီးဖြင့် ဝင်ရောက်လာပြီး ဒေသခံအမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် နေအိမ်အတွင်းမှ စိန်လက်စွပ် (၁)ကွင်း၊ ငွေကျပ် (၃)သိန်းနှင့် ဓါတ်ဆီ (၁)ဗူးတို့ကိုပါ ယူဆောင်သွားသည်ဟု သိရသည်။

ဘူးသီးတောင်မြို့၊ မြတောင်ဆိပ်ကမ်းကိုလည်း ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်များ လာရောက်၍ သေနတ်များပစ်ဖောက်ကာ ဒေသခံများ၏ အခြေခံစားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းသွားသည်ဟု သိရသည်။ 

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၂)လုံး လက်နက်ကြီးစထိမှန်ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency