သူရဦးတင်ဦးအား ဇွန်လ ၅ ရက်နေ့တွင် ဂူသွင်းသဂြိုလ်မည်

သူရဦးတင်ဦးအား ဇွန်လ ၅ ရက်နေ့တွင် ဂူသွင်းသဂြိုလ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး (အသက် ၉၈ နှစ်)ကို ၂၀၂၄ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ဦးတင်ဦးသည် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ နံနက်(၈)နာရီ (၄၅)မိနစ်တွင် ကွယ်လွန်သွားခဲ့ပြီး ရုပ်အလောင်းကို အမှတ်(၃၀) ဗောဓိရိပ်သာလမ်း၊ ဗဟန်းမြို့နယ်နေအိမ်၌ထားရှိကာ ဗုဒ္ဓဟူးနေ့တွင် ဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

သူရဦးတင်ဦးသည် ကျန်းမာရေးအခြေအနေကြောင့် မေလ(၂၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်သို့ ပို့ဆောင်ခဲ့ရကာ ယင်းမှတဆင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့ထားရသည်ဟု သိရသည်။ 

သူရဦးတင်ဦးသည် ၂ဝ၁၇ ခုနှစ်ကစတင်၍ လေဖြတ်ဝေဒနာ ခံစားနေရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကျန်းမာရေးကြောင့် ဆေးရုံတင်ခဲ့ရစဉ် ရွှေညဝါဆရာတော်က လာရောက် တွေ့ဆုံခဲ့သည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၌ ဦးဆောင်ပါဝင်ခဲ့သည့် ကာချုပ်တစ်ဦးလည်း ဖြစ်သည်။

#TachileikNewsAgency