ငလျင်ဘေးလာကူညီသော မည်သည့်အဖွဲ့မဆို ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု အာဏာသိမ်းဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ၂၀၂၅ခုနှစ် ဧပြီလ (၅)ရက်နေ့က ပြုလုပ်သည့် ၎င်းတို့အစိုး ရအဖွဲ့အစည်းအဝေးတွင် ပြောသည်။
ငလျင်ဒဏ်အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်၍ ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန် လိုသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
“သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွပူးပေါင်း ဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်လိုကြောင်း”ဟု စစ်ခေါင်းဆောင်စိုးဝင်းက ပြောသည်။
လက်ရှိတွင် ငလျင်ဘေးအတွက် လုပ်အားပေးအင်ဂျင်နီယာ စုစုပေါင်း(၂၀၆၂)ဦး အထိရှိပြီး နိုင်ငံပေါင်း (၂၆)နိုင်ငံမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း လာရောက်ကူညီနေသည်ဟု သိရသည်။
ငလျင်ကြောင့် သေဆုံးသူ(၃၄၅၅)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ(၄၈၄၀)ဦး၊ ပျောက်ဆုံးနေသူ(၂၁၄)ဦးရှိပြီး အသေးစိတ်စာရင်းမရရှိသေးသော်လည်း အဆောက်အဦးပေါင်း (၅၂၂၃)လုံး၊ စာသင်ကျောင်းပေါင်း (၁၈၂၄)ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်(၂၇၅၂)ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးသည်ဟု ဆိုသည်။
ထို့အပြင် ဘုရားစေတီပေါင်း (၄၈၁၇)ခု၊ ဆေးရုံဆေးခန်း (၁၆၇)ခု ပျက်စီးပြီး ရန်ကုန်-နေပြည်တော်-မန္တလေးသွား ရထားလမ်းနှင့် ကားလမ်းများ ပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
တံတား(၁၆၉)စင်း၊ ဆည်မြောင်းတမံ (၁၉၈)ခုနှင့် အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း(၁၈၄)ခု ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြသော်လည်း ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းနှင့် ဗလီများ ပျက်စီးမှုကိုမူ စစ်ကောင်စီက ဖော်ပြခြင်းမရှိပါ။
“ဘုရားကျောင်းကန်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီးကျောင်းများနှင့် ဗလီများကိုလည်း ယခင်ခွင့်ပြုထားသည့်အတိုင်း တည်ဆောက်ခွင့် ပြုရန်လိုကြောင်း၊ အလားတူခရစ်ယာန်ကျောင်းများ ပျက်စီးမှုများရှိပါကလည်း ဘာသာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများကို စနစ်တကျဖြင့် ဆောင်ရွက်ပေးကြရန်လိုကြောင်း”ဟု စစ်ခေါင်းဆောင်က ပြောသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင် ကျပ် (၁၀)သိန်းစီလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆောက်အဦး ထိခိုက်ပျက်စီးမှုအပေါ်မူတည်ကာ ထောက်ပံ့မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။
#TachileikNewsAgency
ငလျင်ဘေးလာကူညီသော မည်သည့်အဖွဲ့မဆို ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု စစ်ကောင်စီ ပြောဆို
Featured News
ဧပြီ 24, 2025
ဧပြီ 23, 2025
ဧပြီ 14, 2025
ဧပြီ 10, 2025