ဒေါက်တာဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမည်ဖြစ်သည်ဟု TNLA ထုတ်ပြန်

ဒေါက်တာဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမည်ဖြစ်သည်ဟု TNLA ထုတ်ပြန်
အောက်တိုဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

NLD ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမည်ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

TNLA ၏ ထုတ်ပြန်ချက်တွင် NLD ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် ဒီမိုကရေစီလိုလားမြတ်နိုးသည့် မြန်မာပြည်သူလူထုနှင့်အတူ ယင်း၏မိသားစုထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ဆိုသည်။

မြန်မာ့စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းတို့ကို ဦးမညွတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးသည်အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက်ပွဲဝင်သည့် ဒေါက်တာ‌ဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲဂုဏ်ပြုအမှတ်ရနေမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလားတောင်းတသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်တွင် လူမျိုးအားလုံး၏ တန်းတူညီမျှခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်မည့် နိုင်ငံရေးအခင်းအကျင်းကို သွေဖယ်ခြင်း၊ အာဏာရှင် အပေါင်းအပါ လူတစ်စုကောင်းစားရေးအတွက် စစ်အာဏာရှင်စနစ်ပြုနေသည့် မြန်မာ့စစ်ခါင်းဆောင်တို့၏ မိုက်မဲသော အာဏာရူးသွပ်မှုကို ဖယ်ရှားဖြုတ်ချခြင်းတို့ကို မဆောင်ရွက်နိုင်သေးဟုလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ ဖြစ်လာရပြီး ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ နိုင်ငံ့ပညာတတ်ပုဂ္ဂိုလ်များကို နေ့စဉ်ဆက်တိုက် ဆုံးရှုံးကြရသည်မှာ တိုင်းပြည်အတွက် အင်မတန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်း ဆိုသည်။

ဒေါက်တာဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓာတ်ခွန်အားများသည် ယနေ့နွေဦးတော်လှန်ရေး၏ မြန်မာ့စစ်အာဏာရှင်အပြီးတိုင် ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာတိုက်ပွဲ အင်အားတရပ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency