တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ပကဖ က ၃ ရက်ဆက် တိုက်ခိုက်

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ပကဖ က ၃ ရက်ဆက် တိုက်ခိုက်
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ကို (၃)ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပကဖထံမှ သိရသည်။

ခမရ (၅၅၆)ဇဝဲတပ်ရင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်အင်အား (၈၀)ခန့်ပါစစ်‌ကြောင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် (၄၃၃)ဘုရားတောင်ပေါ်၌ ကင်းပုန်း၀ပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို (၄၀)မမ၊ သေနတ်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 



      

ယင်းနေ့တွင် မြိတ်မြို့ဖက်မှတက်လာသော စစ်ကောင်စီ ရိက္ခာကား(၃)စီးကို ဘန်းလမွတ်ကျေးရွာ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက် ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။ 

    

စက်တင်ဘာလ(၁)ရက်နေ့တွင် ရိက္ခာကားတက်ရန် လုံခြုံရေးယူပေးထားသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဘန်းလမွတ်ကျေးရွာ ကျောင်းကုန်းပိုင်းအရောက်တွင် ဒရုန်းဖြင့် ဗုံသီးအလုံး(၈)လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

(၃)ရက်ဆက် တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ တနင်္သာရီဖက်သို့ တက်သွား‌ကာ အဆိုပါစစ်ကြောင်းတွင်ပါလာသော စစ်ကောင်စီတပ်သားတစ်ဦး တနင်္သာရီ ပကဖ ဇုန်(၅)အဖွဲ့ထံသို့ လာရောက်ခိုလှုံခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုအပြီး နယ်မြေရှင်းရာတွင် စစ်ကောင်စီတပ်ထံမှ ကျောပိုးအိတ် (၁)လုံးနှင့် (၈၁)မမ ကျည် (၂)လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့