သုံးဆယ်မြို့တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရသဖြင့် စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ပစ်သတ်

သုံးဆယ်မြို့တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရသဖြင့် စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ပစ်သတ်

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်မှ အမျိုးသမီး အုပ်ချုပ်ရေးမှူး ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က ပစ်သတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က အရပ်သား (၃)ဦးကို ပစ်သတ်လိုက်ကြောင်း သိရသည်။

စံရွေးတန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနေရာတွင် အစားထိုးတာဝန်ယူနေသူ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအပြီး စစ်တပ်က အာဏာသိမ်းရန် လှုံ့ဆော်ခဲ့ရာတွင်လည်းပါဝင်ခဲ့သူ ဖြစ်သည့် အုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်အား ယင်းနေ့ ညနေ (၆)နာရီကျော်တွင် စစ်ကောင်စီတပ် ခလရ(၃၅)တပ်ဝန်းဘေးရှိ တပ်ရှောင်လမ်းတွင် သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် အမျိုးသမီး အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့က သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ်ခဲ့သည့် အုပ်ချုပ်ရေးမှူး ထွန်းထွန်း၏ နေရာတွင် အစားထိုးလုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်(၃)နာရီတွင် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့်ဝေးသည့် ဖားရွှေကျော်နှင့် ရွှေဣိုရွာကြားတွင် ဆိုင်ကယ်နှင့်လာသည့် အရပ်သား(၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခံရသည့် အရပ်သား(၃)ဦးကို စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်မူ PDF ရဲဘော်များဖြစ်သည်ဟု စွပ်စွဲဝါဒဖြန့်ထားသော်လည်း သေဆုံးသွားသူများမှာ PDF ရဲဘော်များမဟုတ်ဘဲ အရပ်သားများသာဖြစ်သည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ မြို့ပြစစ်ရေး တာဝန်ခံ ကိုတံခွန်က Tachileik News Agencyကိုပြောသည်။ 

“ကျွန်တော်တို့ အလုပ်လုပ်တာ စစ်တပ်ဘေးမှာပါ။ အရပ်သားသတ်ဖြတ်မှုက ရွာဘက်ရောက်သွားပါပြီ။ လမ်းကတစ်လမ်းထဲပါပဲ။ ဆိုင်ကယ်နဲ့သွားရင် မစ်ရှင်လုပ်နေတဲ့နေရာနဲ့ အရပ်သားသတ်ခံရတဲ့နေရာက (၁၅)မိနစ်၊ မိနစ်(၂၀)လောက် ဝေးတယ်။”ဟု ကိုတံခွန်က ပြောသည်။

အဆိုပါရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ(၃၅)တပ်ရင်း၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့နှင့် ကင်းပုန်းအဖွဲ့များသာရှိနေပြီး သာယာဝတီဂဠုန်တပ်ဖွဲ့မှ ရဲဘော်များအား ဖမ်းမမိခြင်းကြောင့် အရပ်သားများအား ပစ်သတ်ကာ စွပ်စွဲ၍ ဝါဒဖြန့်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့ ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။ စစ်တပ်နားကပ်လုပ်တော့ သူတို့မမိလိုက်ရင် အကြီးတွေ နယ်ပြောင်းအထုခံရမှာစိုးလို့ အပြစ်မရှိတဲ့ပြည်သူတွေကို လုပ်တာပါ။ ခုလိုအပြစ်မရှိတဲ့ ပြည်သူတွေကို သတ်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့က ထိရောက်တဲ့လုပ်ဆောင်မှုမျိုးကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ စစ်တပ်ထောက်တိုင်များကိုလည်း ဆက်လက်ရှင်းလင်းသွားမယ်။”ဟု ကိုတံခွန်က ဆက်ပြောသည်။

စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဖားရွှေကျော်ကျေးရွာဘက်မှ သာယာအေးကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ပစ်ခတ်ခဲ့ခြင်းကြောင့် ထွက်ပြေးသူတစ်ဦးတွင် ဘယ်ဘက်နံစောင်း ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ကျန်(၂)ဦးမှာ ဆိုင်ကယ်မောင်းနှင့် ထွက်ပြေးသွားသဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ တစ်ဦးမှာ လည်ပင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ကျန်တစ်ဦးမှာ နောက်ကျောဖောက်ဝင် ဒဏ်ရာ (၂)ချက်တို့ ရရှိပြီး သေဆုံးခဲ့ကြောင်း ရေးသားထားကြသည်။ 

သေဆုံးသူများအား PDFတပ်ဖွဲ့ဝင်များဟု ရေးသားထားပြီး ဖူဂျီဆပ်ပြာဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း(၂)လုံး၊ PVC ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း(၃)လုံး၊ လက်ပစ်ဗုံး တစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု စွပ်စွဲဝါဒဖြန့်ထားသည်။

#TachileikNewsAgency