ဆားလင်းကြီးမြို့နယ်အတွင်း ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲ ရဲ(၃)ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေ

ဆားလင်းကြီးမြို့နယ်အတွင်း ညောင်ပင်ကြီးရဲစခန်းတိုက်ပွဲ ရဲ(၃)ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်က ရွာကိုမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် ဇွန်လ(၉)ရက်နေ့၏ ညနေုပိုင်းက တိုက်ခိုက်ခဲ့ရာ ရဲ(၃)ဦးကို အရှင် ဖမ်းမိခဲ့ပြီး လက်နက်တချို့သိမ်းဆည်းရရှိကာ ယနေ့ ဇွန်လ(၁၀)ရက်နေ့တွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့နေကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက အဆိုပါရဲစခန်းကို ဝင်ရောက် တိုက်ခိုက် (vdo: Buffalo People Defense Force )

 

၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက အဆိုပါရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား အများအပြားသေဆုံးကာ (၃)ဦးကို အရှင်ဖမ်းမိထားကြောင်း သိရသည်။

"ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်တာ ရဲအများအပြားသေပြီး ထွက်ပြေးတဲ့ရဲ(၃)ဦးကို အရှင်ဖမ်းမိထားတယ်။ စခန်းကိုပါ ဝင်ရောက်မီးရှို့ဖျက်ဆီးနေချိန် မုံရွာဘက်ကနေ ၆၀မမတွေ နဲ့ လှမ်းပစ်ပြီးတော့ ဝမ်ပေါင်ခွေးခြံကလည်း မော်တာ‌တွေ၊ ငါးဂျင်းမြှီးတွေနဲ့ အချက်ပေါင်း(၁၀၀)ထက်မနည်း ပစ်ကူပေးခဲ့တယ်။"ဟု  ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

ထို့နောက် Mi35 တစ်စီးဖြင့်တက်လာပြီး (၈)ကြိမ်ခန့် ပျံသန်းကာ လေယာဥ်ပစ်ကူပေးသွားသဖြင့် ပြည်သူကာကွယ်ရေးတပ်မှ ရဲဘော်(၃)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်က မုံရွာ-ချင်းတွင်းမြစ်ရေကြောင်းမှတဆင့် မော်တော်(၃)စီးဖြင့် အင်အားဖြည့်တင်းခဲ့‌ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ညောင်ပင်ကြီးရွာ ရဲစခန်းအနီးရှိ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး မုံရွာဘက်မှ အင်အားထပ်မံဖြည့်တင်းလာသည်ဟု သိရသည်။

ထို့အပြင် နံနက်ပိုင်းတွင် မုံရွာ-ညောင်ပင်ကြီးကူးတို့ဆိပ်၌ စစကောင်စီတပ်များမှ မုံရွာဘက်ကူးမည့် စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနေသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် ဒေသခံ(၄)ဦးဝန်းကျင်ဒဏ်ရာရပြီး အနီးရှိ ကျေးရွာ(၁၀)ရွာဝန်းကျင်မှ ဒေသခံထောင်ချီတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဇွန်လ(၉)ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီတပ်သည် သံချပ်ကာ ယာဉ်(၃)စီးဖြင့် ချင်းတွင်းမြစ်သို့ကူးလာပြီး ပုသိမ်-မုံရွာလမ်းအတိုင်းဆင်းလာကာ ရမ်းသမ်းပစ်ခတ်သဖြင့် မြရွှေစည်ရွာမှ ဒေသခံတစ်ဦး ရေချိုးနေစဥ် ဒူးကျည်ထိမှန်ဒဏ်ရာရခဲ့‌ကြောင်း သိရသည်။

ထို့နောက် မြန်မာယန်စီနှင့် ဝမ်ပေါင်သို့ လက်နက်ကြီးနှင့် ခဲယမ်းများကို တွဲကားကြီးနှင့် သယ်ဆောင်လာရာ လမ်းတွင် ဒေသကာကွယ်ရေးတပ်များက မိုင်း(၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency