ပဲခူးတိုင်း၊ မုန်းမြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း (၄) ခုကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ကာ စခန်း ( ၂ )ခုအား သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဧပြီလ (၂၃)ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့က မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့် ကျောက်ကြီးမြို့နယ်ရှိ၊ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို သိမ်းယူဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိသော်လည်း နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင်စခန်းကိုမူ ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဟု ဆိုသည်။
ယင်းစခန်းနှစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ စစ်ကောင်စီတပ်သားများသည် စခန်းတွင်မနေဘဲ အပြင်ဘက်သို့ ပုန်းရှောင်နေခြင်းကြောင့်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ပူးပေါင်းတပ်များ စခန်းသိမ်းပြီး ပြန်လည်ဆုတ်ခွါလာချိန် စစ်ကောင်စီဘက်မှ ကျောက်ကြီးမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားတွင် ရဟတ်ယာဉ်ဖြင့် (၄)ကြိမ်၊ တိုက်လေလေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါ (၁၆)ဦးသေပြီး KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ (၁) ဦး ကျဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။