အာဏာသိမ်းစစ်တပ်၏ ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားသည့် တန်ပြန်တိုက်စစ်ဆင်ရေးအဖွဲ့က NLD အမာခံ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီး

အာဏာသိမ်းစစ်တပ်၏ ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားသည့် တန်ပြန်တိုက်စစ်ဆင်ရေးအဖွဲ့က NLD အမာခံ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီး
ဒီဇင်ဘာ 26, 2021 | အခြားဒေသများ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာတွင် NLD အမာခံတစ်ဦး၏ နေအိမ်ကို အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းပေးထားသည့် "တန်ပြန်တိုက်စစ်ဆင်ရေးအဖွဲ့"က မီးရှို့ဖျက်ဆီးမှုများလုပ်နေပြီး NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများအား ခြိမ်းခြောက်မှုများလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျင်းရွာမှ ဦးနန်းခိုင်ကို NLD အမာခံထောက်ခံသူဟုဆိုကာ အဆိုပါအဖွဲ့က ဦးနန်းခိုင်၏ နေအိမ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ဒုတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးမှုလုပ်သည်ကို တွေ့ရပြီး အာဏာသိမ်းအဖွဲ့က အရေးယူခြင်းမရှိကြောင်းသိရသည်။

သူတို့က NLD အမာခံအိမ်တွေကို လုပ်တာ။ ဒီအဖွဲ့ကို စစ်တပ်က ဖွဲ့စည်းပေးထားတာ။ အဲဒီရွာကို မီးရှို့တဲ့ညက စစ်တပ်က ကားနဲ့လာချပေးသွားတာ။ အရင်တခါကလည်း ကိုနန်းခိုင်အိမ်ပဲ။ ခုရောဆိုရင် (၂)ခါရှိပြီ။  ရွာတွေကို စကစတပ်က ရှင်းလင်းရေးလုပ်တဲ့အခါလည်း  စကစတပ်တွေနဲ့အတူ အဲဒီအဖွဲ့လည်းပါတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ပြောသည်။

ဦးနန်းခိုင်၏နေအိမ်အား မီးရှို့မှုအား ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း တန်ပြန်တိုက်စစ်ဆင်ရေးအဖွဲ့ဆိုသည့် အဖွဲ့က ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက် (၁၁)နာရီကျော်တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ အဖွဲ့က ဝမ်းတွင်းမြို့ရှိ ဦးလှမြင့်၏နေအိမ်မှ ကင်တာကားတစ်စီးကို ဖျက်ဆီးခဲ့ကြပြီး ကျင်းရွာရှိ ဦးနန်းခိုင်၏ နေအိမ်ကိုလည်း (၂)ကြိမ်မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းစစ်တပ်၏ ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားသည်ဟု ဒေသခံများဆိုသည့် တန်ပြန်တိုက်စစ်ဆင်ရေးအဖွဲ့သည်  ဒေသတွင်းမှ NLD ပါတီဝင်များ၊ ပါတီထောက်ခံသူများ၊ အာဏာသိမ်းမှုဆန့်ကျင်သူများအား အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲသုံးစွဲလေ့ရှိသည့် စကားလုံးများအတိုင်း အကြမ်းဖက်ဟု သုံးနှုန်းကာ ခြိမ်းခြောက်မှုများလုပ်နေသည်ကိုလည်းတွေ့ရသည်။