နိုင်ငံခြားသား ဧည့်လမ်းညွှန်များကို ပြင်းပြင်းထန်ထန် အရေးယူရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထား

Photo: Bangkok Post
Photo: Bangkok Post
နိုင်ငံခြားသား ဧည့်လမ်းညွှန်များကို ပြင်းပြင်းထန်ထန် အရေးယူရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထား
By Mr John

 ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသော ဧည့်လမ်းညွှန် နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ညွှန်ကြားလိုက်ကြောင်း အစိုးရအဖွဲ့ လက်ထောက်ပြောခွင့်ရ အမျိုးသမီး Traisuree Taisarakul က ပြောသည်။ 

၂၀၁၇ ခုနှစ် အမိန့်ဒီကရီကို ချိုးဖောက်ပြီး နိုင်ငံခြားသားများက ဧည့်လမ်းညွှန်များအဖြစ် လုပ်ကိုင်နေကြကြောင်း တိုင်ကြားမှု အများအပြား ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက်ထွက်လာခြင်းဖြစ်ကြောင်း Traisuree က ဆိုသည်။

ထိုင်းဥပဒေအရ နိုင်ငံခြားသားများအနေဖြင့် အလုပ် လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ် လုပ်ကိုင်ခြင်း သို့မဟုတ် ဧည့်လမ်းညွှန် အပါအဝင် ထိုင်းနိုင်ငံသားများ အတွက်သာ သတ်မှတ်ထားသော အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် ပြဌာန်းထားသည်။ 

ထိုဥပဒေပြဌာန်းချက်ကို ချိုးဖောက်သူများအား ဘတ် (၅,၀၀၀) မှ (၅၀,၀၀၀) ကြား ဒဏ်ငွေချမှတ်ပြီး ၎င်းတို့၏ နိုင်ငံသို့ ချက်ချင်းပြန်ပို့ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် (၂) နှစ်ကြာ ပိတ်ပင်နိုင်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံခြားသားများကို မှန်ကန်သည့် အလုပ် ပကလုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်ခန့်အပ်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံသားများအတွက်သာြဖစ်သည့် အလုပ်အကိုင်နေရာများတွင် ခန့်အပ်ခြင်းတို့အတွက် အလုပ်ရှင်များ သို့မဟုတ် စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားသား အလုပ်သမားတစ်ဦးစီအတွက် ဘတ် (၁၀,၀၀၀) မှ (၁၀၀,၀၀၀) ကြား ဒဏ်ငွေချမှတ်နိုင်သည်။ 

အလုပ်ရှင်အနေဖြင့် ထိုပြစ်မှုကို ထပ်မံကျူးလွန်ပါက အမြင့်ဆုံးထောင်ဒဏ် (၁) နှစ်နှင့် ဘတ် (၅၀,၀၀၀) မှ (၂၀၀,၀၀၀) ကြား ငွေဒဏ်ချမှတ်ခံရနိုင်သည်။ 

ထို့အပြင် နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်ကို (၃) နှစ်ကြာ ပိတ်ပင်နိုင်ကြောင်း သိရသည်။

ပြန်လည်ဦးမော့လာသည့် ခရီးသွားလုပ်ငန်းကနေ ထိုင်းနိုင်ငံသားများ အကျိုးခံစားခွင့် အများဆုံးရရှိစေရေး သေချာစေရန် ကြပ်မတ်ဆောင်ရွက်ရေး  ဝန်ကြီးချုပ် ပရာယွတ်က အလုပ်သမားဝန်ကြီးဌာ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနနှင့် တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့ကို ဥပဒေအရ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြရန် ညွှန်ကြားခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့ လက်ထောက်ပြောခွင့်ရ အမျိုးသမီး Traisuree က ပြောသည်။

Source: Bangkok Post