သံတွဲထောင်ကို AA မသိမ်းခင် ဘာတွေ ဖြစ်ပျက်ခဲ့လဲ...

သံတွဲထောင်ကို AA မသိမ်းခင် ဘာတွေ ဖြစ်ပျက်ခဲ့လဲ...
သြဂုတ် 14, 2024 | 2021 Military Coup| ဆောင်းပါး

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က စတင်ထိန်းချုပ်လာနိုင်သည့် ၂၀၂၄ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် သံတွဲအကျဉ်းထောင်အတွင်းသို့ စစ်ကောင်စီတပ်သား အင်အား(၁၀၀)ကျော်

ဖြင့် တပ်စွဲရန်ရောက်ရှိလာသည်။ 

ထိုအချိန်က အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို ဇွန်လ(၂၂)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် ဇွန်လ(၂၄)ရက်နေ့တွင် သံတွဲမြို့မရဲစခန်းမှ သေနတ်သံထွက်ပေါ်လာသည့် နေ့လည်း ဖြစ်သည်။  

ယင်းနေ့ နံနက်ပိုင်းတွင် မြို့မရဲစခန်းမှ သေနတ်သံထွက်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၊ ရဲစခန်း ရှေ့ရှိ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများအပြင် စစ်ကောင်စီဝန်ထမ်းများအားလုံး ထွက်ပြေးကြပြီဖြစ်သည်။

ရဲစခန်းနှင့် အကျဥ်းထောင်သည် (၁၅)မိနစ်ခန့် လမ်းလျှောက်ပါက ရောက်နိုင်ပြီး အကျဥ်းထောင်သည် သံတွဲမြို့မစျေးအနီး ဂွမြို့နယ်သို့အထွက် ငကျော်တောင်ရပ်ကွက်နှင့်အကြားတွင်ရှိသဖြင့် မြို့ပေါ်တွင်ရှိသည်ဟုလည်း ဆိုနိုင်သည်။

အဆိုပါ ဖြစ်စဉ်များ မတိုင်ခင် တစ်ပတ်ဝန်းကျင်က လေယာဉ်ဖြင့် စားဆီနှစ်ပုံးကို ထောင်တွင်းသို့ချပေးခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်များ လာရောက်တပ်စွဲမည်ကို ထောင်ဝန်ထမ်းများထံမှတဆင့် အကျဉ်းသားများသိရှိခဲ့ ရသည်ဟု လွတ်မြောက်လာသည့် အကျဉ်းသား ကိုချဲ (အမည်လွဲ)က ဆိုသည်။ 

ကိုချဲတို့သည် စစ်ကောင်စီတပ်သားများ ရောက်ရှိလာမည်ကို သိရှိထားသဖြင့် ထောင်ဖောက်ရန် ကြိုတင်ပြင်ဆင်ရာ ထောင်ဝန်ထမ်းများက သိရှိသွားခြင်းကြောင့် ပါဝင်သည့် အကျဉ်းသားတချို့ (၁၀)ရက်ခန့် တိုက်ပိတ်ခံရသည် ဟု ဆိုသည်။ 

ထို့နောက် ထောင်အတွင်းသို့ ဝင်ရောက်တပ်စွဲသည့်နေ့တွင် စစ်ကောင်စီတပ်သားများသည် ထောင်မျှော်စင်၊ ထောင်ဘူးဝနေရာများနှင့် နေရာတချို့၌ သဲအိတ်များကာရံ၍ နေရာယူခဲ့ကြသည်ဟု ၎င်းကပြောသည်။ 

“စစ်ကောင်စီတပ်တွေ ရောက်လာတော့ အင်အားတော်တော်များတယ်။ ထောင်ဘူးဝမှာတောင် အင်အား(၁၀၀) ကျော်တယ်။ မျှော်စင်တွေပေါ်တက်ပြီးတော့ နေရာယူတယ်။ တစ်နေရာကို (၅)ယောက်လောက်။ ထောင်ဘူးဝမှာ သဲအိတ်တွေကာပြီးနေတယ်။”ဟု ကိုချဲက Tachileik News Agency ကိုပြောသည်။

ထောင်ပိုင်မရှိသည့် သံတွဲအကျဉ်းထောင်အား ထောင်ပိုင်နေရာကို ပြည်မဘက်မှ ရာထူးကျပြီးရောက်လာသည့် ထောင်ဦးစီးအား တာဝန်ပေးထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲသည့်နေ့တွင်ပင် ထောင်ဝန်ထမ်းများ ထွက်ပြေးကြသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ ထောင်တွင်းရောက်ရှိလာပြီးနောက် ထောင်ဝန်ထမ်းများထွက်ပြေးကြခြင်းကြောင့် ထောင်ပိုင်အပါအဝင် ဝန်ထမ်း(၅)ဦးသာကျန်ရှိတော့၍ ထွက်ပြေးဝန်ထမ်းများအစား ၎င်းတို့ယုံ ကြည်သော နှစ်ငယ်ကျ အကျဉ်းသားများကို အလုပ်တာဝန်များပေးသည်ဟု ဆိုသည်။ 

“ထောင်ဝန်ထမ်းတွေပြေးတဲ့အခါ တံခါးတွေကို ဖွင့်ထားပြီ။ ဘူးဝတံခါး၊ ဆူးတံခါးတွေကအစ။ သံတွဲရဲစခန်းမှာ ပစ်ခတ်သံကြားတဲ့နေ့က အကုန်ဖွင့်လိုက်တော့ ထောင်ကဒီအတိုင်းဟောင်းလောင်းကြီး။ အဲဒီအချိန် စစ်ကောင်စီ တပ်က လက်နက်ကြီးတွေ ထောင်ထဲမှာ မဆင်သေးဘူး။ သူတို့လည်း ရောက်ခါစပဲရှိသေးတယ်။”ဟု ကိုချဲက ပြောသည်။

သံတွဲအကျဉ်းထောင်တွင် ထောင်အတွင်းထိရောက်ရန် တံခါး(၃)ဆင့်ဖြတ်ရသည်။

တပ်ရဲဂိတ် (စွန်ရဲ)၊ အဝင်တံခါး၊ ဘူးဝတံခါး၊ ဆူးတံခါးတို့ကို ဖြတ်မှသာ စည်းကမ်းထိန်းသိမ်းရေးရုံး(Main Jail)ကိုရောက်ပြီး ယင်းမှ တဆင့် တံခါးတစ်ဆင့်ထပ်ဖြတ်ပါက အကျဉ်းသားများထားသည့် အဆောင်သို့ ရောက်သည်။ 

“စစ်ကောင်စီတပ်တွေ ရောက်လာတော့ အကျဉ်းသားတွေ တန်းလည်း မစီတော့ဘူး။ ကိုယ့်ဘာသာ အိပ်ချင်တဲ့အချိန်အိပ်၊ ထချင်တဲ့အချိန်ထ၊ ကိုယ့်ဘာသာ နေချင်သလိုနေ၊ အရာရှိတွေက ဗဟိုကင်းမှာနေတယ်။ စစ်ကောင်စီတပ်က ထောင်မှာနေတာဆိုပေမယ့် ထောင်ကို မအုပ်ချုပ်ဘူး။ မျှော်စင်တွေလောက် တက်နေတာ။”ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့တပ်စွဲဝင်ရောက်ပြီးနောက် (၃)ရက်ခန့်အကြာ ဇွန်လ(၂၇)ရက်နေ့တွင် မဇင်လေဆိပ်အနီးရှိ ခမရ (၅၆၆)တပ်ကို AA ကသိမ်းပိုက်ကြောင်းထုတ်ပြန်ရာ စစ်ကောင်စီတပ်များသည် ထောင်တွင်း၌ လက်နက်ကြီး(၄) နေရာ ထပ်မံပြင်ဆင်လိုက်ကြသည်။

၎င်းတို့ လက်နက်ကြီးပြင်ဆင်သည့်နေရာများမှာ စည်းကမ်းထိန်းသိမ်းရေးရုံး(Main Jail)ရှေ့နှင့် ဝန်ထမ်းအိမ် ယာတို့အပြင် ဗောဓိကုန်းရပ်ကွက်ဘက်သို့ ဦးတည်သည့်နေရာတို့၌ ဖြစ်သည်။

“လက်နက်ကြီးတွေဆင်ပြီးတော့ ရဟတ်ယာဉ်နဲ့ လက်နက်တွေကို ညဘက်ကြီးလာချသွားတယ်။ ထောင်ပိုင် ရုံးခန်းထဲမှာ ကျည်ကအပုံလိုက်ရှိတယ်။ သေနတ်တွေကောပဲ။ ဝန်ထမ်းတွေလည်း စစ်ကောင်စီတပ်ရောက်ပြီး (၂) ရက်လောက်နေတော့ ထပ်ပြေးကြတယ်။ ပထမ တစ်ယောက်ပြေး၊ နှစ်ယောက်ပြေးတာကနေ အများကြီး ပြေးကြတယ်။”ဟု ၎င်းကဆက်ပြောသည်။

အာရက္ခတပ်တော်(AA)က ဇူလိုင်လ(၁၂)ရက်နေ့ နောက်ဆုံးထားပြီး ထောင်တွင်းမှမထွက်ပါက ပစ်ခတ်မည်ဖြစ်ကြောင်း အကျဉ်းထောင်ဝန်ထမ်းနှင့် စစ်ကောင်စီတပ်များထံ သတိပေးစာပေးပို့ရာ ထောင်ဝန်ထမ်းများ ထပ်မံ ထွက်ပြေးကြသဖြင့် အကျဉ်းသားများကိုပင် သော့ကိုင်ခိုင်းရသည့် အခြေအနေဖြစ်လာသည်ဟု ဆိုသည်။

ထို့နောက် ဇူလိုင်လ(၉)ရက်နေ့တွင် အာရက္ခတပ်တော်သည် ငပလီကမ်းခြေရှိ စစ်ကောင်စီလက်ကျန်တပ်စခန်း ဖြစ်သော ခလရ(၅၅)တပ်ရင်းအား အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ကြေညာလိုက်သည်။

သို့သော်လည်း သတိပေးထားသည့် ဇူလိုင်လ(၁၂)ရက်အနေ့အထိ ထောင်တွင်းရှိ စစ်ကောင်စီတပ်သားများသည် လက်နက်ချ အညံ့ခံခြင်းမရှိသဖြင့် ယင်းနေ့တွင် AA ပစ်ခတ်သည့် လက်နက်ကြီးများ ထောင်တွင်းသို့ ကျရောက် ပေါက်ကွဲလာသည်ဟု ဆိုသည်။



“(၁၂)ရက်နေ့ နောက်ဆုံးထားပြီးထွက်ဖို့ပြောတာ မထွက်တော့ အဲဒီနေ့ နေ့လယ်(၁၂)နာရီကျော်လောက်မှာပဲ လက်နက်ကြီးကျတာ။ ဘိုကုန်းဘက်နေပစ်တာ။ AA ဘက်က စမပစ်ခင် စစ်ကောင်စီတပ်က ထောင်ထဲကနေ လက်နက်ကြီးနဲ့ (၁၅)ပေလောက် မြင့်တဲ့ အပြင်ကအုတ်ရိုးကိုကျော်ပြီး (၅)ချက်အရင်စပစ်တာ။”ဟု ၎င်းကဆက် ပြောသည်။ 

AA ကပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် လက်နက်ကြီးတပ်ဆင်ထားသည့် Main Jail သို့ တစ်လုံး၊ အမျိုးသမီးဆောင် ရေကန်သို့တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“(၁၂)ရက်နေ့မှာ ထောင်ထဲကို လက်နက်ကြီးတွေကျတော့ ကျွန်တော်တို့ကိုထားတဲ့အခန်းက အုတ်နံရံနဲ့ ဂျက် ထိုးပြီး သော့ခတ်ထားတဲ့လော့ကို ဖျက်လိုက်တယ်။ အဲဒီလို သော့ဖျက်ချိန် သူတို့(စကစတပ်)က ဘာမှမလုပ် သေးဘူး။ စစ်သားတွေ မရှိတော့ဘူးဆိုပြီး ထွက်ပြီးပြေးတာ။ လှေကားကဆင်းတာနဲ့ ဗဟိုကင်းကနေ သေနတ် နဲ့လှမ်းပစ်တာ။ ပစ်ခံရတော့ တစ်ယောက်မှမထိဘူး။ နောက်တော့ ထောင်ဝန်ထမ်းကအချက်ပြတယ် စာဝင်နေ တယ်လို့ အချက်ပြတယ် ပြန်လွှတ်ပေးမယ်ပေါ့။”ဟု ကိုချဲက ပြောသည်။

ယင်းနေ့တွင် နှစ်ဘက်အပြန်အလှန် လက်နက်ကြီးများနှင့်ပစ်ခတ်နေခြင်း၊ ထောင်ဝန်ထမ်းများမရှိတော့ခြင်း ကြောင့် ထမင်းကိုကိုယ်တိုင်သွားရောက်ယူစားရသည့်အခြေအနေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားများနှင့် ကျန် ရှိနေသည့် ထောင်ဝန်ထမ်းများမှာလည်း AA ၏ ဒရုန်းများပျံဝဲနေခြင်းကြောင့် အပြင်မထွက်ရဲကြဟု ဆိုသည်။

 

“ဒရုန်းက ထောင်အပေါ်မှာဝဲနေတာ။ သူတိုလည်း မထွက်ရဲဘူး။ ထွက်တော့လည်း အပေါ်မော့ကြည့်ပြီးပြေးတာ။ Main Jail ကို လက်နက်ကြီးကျတော့ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရတယ်။”ဟု ၎င်းကဆက်ပြောသည်။

လက်နက်ကြီးများ ကျရောက်နေသည့်ကြားက ထောင်ဝန်ထမ်းများက အဆောင်(၄၊ ၆၊ ၇၊ ၈)တို့မှ မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇(၁)နှင့် ဖမ်းခံရသူများ၊ နှစ်ကြီးသမားများကို ခေါ်ထုတ်ပြီးနောက် ကျန်ရှိသည့် အကျဉ်းသားများအနက်မှ (၁၀၀)ဦးဝန်းကျင်ကို ဓာတ်ပုံမှတ်တမ်းများရယူပြီး ညနေ(၅)နာရီဝန်းကျင်တွင် ပြန် လွှတ်ပေးခဲ့သည်ဟု သိရသည်။

“လွှတ်ပေးဖို့ ဓာတ်ပုံရိုက်တယ်။ ပုဒ်မ၊ အမှုယူတယ် (၅)ယောက်တဖြတ်နဲ့ တစ်ယောက်ချင်းဆီကို (၃)မျိုးဓာတ်ပုံ ရိုက်တယ်။ ထောင်ဝင်နံပတ်ယူထားတယ်။ ထောင်ထွက်လက်မှတ်ကို ဂွမှာသွားယူခိုင်းတယ်။ ဒီမှာထုတ်ပေးလို့မရဘူး။ ဂွမှာပဲရှိတော့တယ်လို့ ပြောတယ်။ အဲဒီအချိန် လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်းပဲ။”ဟု ကိုချဲကပြော သည်။

လက်နက်ကြီးများနှင့် ပစ်ခတ်နေချိန် ထောင်အတွင်း စစ်ကောင်စီတပ်သားအင်အား(၂၀)ဝန်းကျင်နှင့် ခလရ (၅၅) တပ်မှ ရောက်ရှိလာသည့် ခြေကျိုး၊ လက်ကျိုး၊ ဒဏ်ရာရ စစ်ကောင်စီတပ်သားများသာရှိတော့ကာ ကျန်ရှိ စစ်ကောင်စီတပ်သားများမှာ ထောင်ရှေ့ရှိ နှစ်ထပ်အဆောက်အဦး၊ ထောင်ဘေးရှိ စာတိုက်တို့တွင် ရောက်ရှိနေပြီ ဟု ဆိုသည်။ 

ထို့နောက် နှစ်ကြီးသမားများနှင့် ၁၇(၁)သမားများကို အကျဉ်းခန်းအတွင်းသို့ ပြန်ထည့်လိုက်ပြီး နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုတွင် ထောင်အုတ်နံရံပေါက်သွားသည့်အပြင် ဗဟိုကင်းအနီးကိုလည်း လက်နက်ကြီးများ ကျ ရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“နှစ်ကြီးသမားနဲ့ ၁၇ (၁)တွေကို ချန်ထားပြီးတော့ လွတ်ပေးလိုက်တာ။ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပြန်လွတ်တယ်။ ထောင်ကထွက်တော့ စစ်ကောင်စီတပ်သားတွေက အပေါ်မှာ ဒရုန်းဝဲနေတယ်။ အပေါ်ကိုမော့ကြည့် ပြီးပြေးလို့ ပြောတယ်။ ထောင်ကနေ အပြင်ရောက်တော့ မြို့ထဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး။”ဟု ၎င်းကဆို သည်။

ထို့နောက် ပြန်လွတ်လာသည့် ၎င်းနှင့်ရင်းနှီးသည့် နှစ်ကြီးသမားတစ်ဦး၏ ပြောပြချက်အရ စစ်ကောင်စီတပ်က နှစ်ကြီးသမားများနှင့် ၁၇(၁) ဦးရေ(၁၆၀)ဝန်းကျင်ကို ဇူလိုင်လ(၁၄)ရက်နေ့တွင် အခန်း(၂)ခန်းအတွင်းစုထားပြီး လေယာဉ်နှင့် ဗုံးကြဲခိုင်းခဲ့သည်ဟု ပြောဆိုသည်။

“ဗုံးက အုတ်နံရံကျတယ်။ အုတ်နံရံ ပွင့်ထွက်သွားတာ။ အဆောင်ဘေးကျတဲ့ အလုံး မပေါက်ဘူး။ အကျဉ်းသားတွေ လည်းထွက်ပြေးကြတော့ လိုက်ပစ်တာ၊ လက်ပစ်ဗုံးနဲ့ပါလိုက်ပစ်တာ မပေါက်လို့။ သေတဲ့သူလည်းသေတယ်။” ဟု အဆိုပါနှစ်ကြီးသမားက ပြောသည်။  

 

ဇူလိုင်လ(၁၅)ရက်နေ့တွင် AA က ထောင်တစ်ခုလုံးကို သိမ်းပိုက်လိုက်ရာ ထောင်အတွင်းနှင့် အပြင်တွင် စစ်ကောင်စီတပ်သားများ သေဆုံးသူများပြီး ပုပ်ပွနေသည်ကို မြင်တွေ့ခဲ့ရသည်ဟုလည်း ကိုချဲက ဆိုသည်။

"ကျွန်တော်တို့လွတ်လာတော့ တလင်းဆိတ်ဘက်ကိုအသွား AA တပ်တွေနဲ့တွေ့တော့ ထောင်ဘက်ကို လိုက်ပို့ ခိုင်းတယ်။ သူတို့ကလည်း ကျွန်တော်ကို ထောင်ကပြန်လွတ်လာတာ မသိဘူး။ အဲဒီအချိန် ထောင်ကို AA က သိမ်းပြီးပြီ။ လိုက်ပို့ရင်းရောက်လာတော့ ထောင်ဘူးဝမှာ စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းထုပ်ထား တာ။ တော်တော်တောင် ပုပ်ပွနေပြီ။ ပတ်ပတ်လည်မှာလည်း စစ်ကောင်စီတပ်သားတွေ သေနေတာအများကြီးပဲ။ ထောင်ထဲမှာဘယ်သူမှ မရှိတော့ဘူး။ ဘေးကအုတ်နံရံကြီးတွေ ပွင့်နေတာ။ ဝန်ထမ်းအိမ်ယာဘက်မှာလည်း အများကြီး မြောင်းထဲမှာ သေနေတာ။”ဟု ၎င်းကပြောသည်။ 

သံတွဲ အကျဥ်းထောင်ကို စစ်ကောင်စီတပ်စွဲပြီး (၂၇)ရက်အကြာတွင်ပင် AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။



သံတွဲအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၄၀၀)ဦးကျော်ရှိပြီး ၁၇(၁)နှင့်ဖမ်းခံထားရသူ (၁၀၀)ဦးဝန်းကျင်နှင့် ၅၀(ည)နှင့်ဖမ်းဆီးခံရသူတချို့ရှိသည်ဟု သိရသည်။



AA ၏ ဩဂုတ်လ(၈)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင်အတွင်း ဖမ်းဆီးခံ ထားရသည့် အကျဥ်းသား(၃၇၂)ဦးကို ဘေးလွတ်ရာ ကယ်ထုတ်ပြီးနောက် မိသားစုနှင့် နေအိမ်များထံ ပြန်လည်ပို့ ဆောင်ပေးနေပြီဟု အသိပေးခဲ့သည်။

သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာ အများစုတို့အား အာရက္ခတပ်တော်မှ ဇူလိုင် (၁၆)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲအကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂)ဦးကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

 

သံတွဲအကျဉ်းထောင်တွင်းမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇)ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅)ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန် (၂)ဦးသည်လည်း ပြင်းထန်သောဒဏ်ရာ များဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည်ဟု ထုတ်ပြန်ထားသည်။ 

 

ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃)ဦး ပါဝင်ပြီး ထိုအထဲမှ (၂)ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရသည်ဟု ဆိုသည်။ 

ကျန်နိုင်ငံရေးအကျဉ်းသား (၄၁)ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့် ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ (၁၇) ဦးတို့ကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟုလည်း ဆိုသည်။ 

လက်ရှိတွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေး အကျဉ်းသားများ အားလုံးကို နေအိမ်များနှင့် မိသားစုများထံသို့  ၂၀၂၄ခုနှစ် ဩဂုတ်လ (၆)ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်သည်ဟု သိရသည်။ 

ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား ဆက်လက် ထိန်းသိမ်းထားပြီး ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေး၍ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် AA သည် သံတွဲမြို့နယ်အတွင်း တစ်ခုတည်းသာ ကျန်ရှိတော့သည့် ကွင်းဝိုင်းရေတပ်စခန်းကို ထိုးစစ်ဆင်တိုက် ခိုက်နေသည်။