တရားသောစစ် အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာဝန်းရံပေးကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြောဆိုခြင်းဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းသည်။
ထို့အပြင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရေးမှာ ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
စစ်ခေါင်းဆောင်သည် (၄)နှစ်ကြာ ပြည်သူလူထုကို သတ်ဖြတ်၊ နေအိမ်များကို မီးရှို့၊ ဖမ်းဆီးခြင်းများလုပ်ပြီးနောက် နယ်မြေဒေသအသီးသီးတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်ဟု ပြောဆိုလာသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံတွင် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကို အကြောက်တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်မှုများသည် နိုင်ငံတော်ကို အားအင်ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေနိုင်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင် မတူညီမှုများကိုအခြေခံပြီး တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွာကြရန် တိုက်တွန်းသည်ဟုလည်း ပြောဆိုသည်။
#TachileikNewsAgency
#TNA_MAT