၅၀၅-ကဖြင့် ဖမ်းဆီးခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်

၅၀၅-ကဖြင့် ဖမ်းဆီးခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်

ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၃)နှစ် ကျခံခဲ့ရသည့် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်ဇောသည်   ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ တောင်လေးလုံးအကျဉ်းထောင်မှ ယနေ့တွင် လွတ်ရက်စေ့၍ ပြန်လွတ်လာသူ စုစုပေါင်း (၂၁)ဦးရှိသည်အနက် နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံရသူ (၂)ဦးသာ ပါဝင်ကြောင်း သိရသည်။

"တောင်လေးလုံးထောင်ကနေ လွတ်လာတာ (၂၁)ဦးလို့ သိရတယ်။ ဒီထဲမှာ နိုင်ကျဉ်းနဲ့ဆိုရင် ကမ္ဘောဇတိုင်းက လူ နဲ့ တောင်ကြီး NLD က ကိုထွန်းထွန်းတို့ပဲ ပါတယ်။ ကျန်တဲ့ (၁၉)ဦးက အခြားအမှုတွေနဲ့ပါ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်ဇောအား ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးပြီး   ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ကမ္ဘောဇတိုင်း( Kanbawza Tai News  )၏ တာဝန်ခံအယ်ဒီတာ အပါအဝင် (၃)ဦးမှာလည်း  ၂၀၂၁ခုနှစ် မတ်လ(၂၅)ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး  ၅၀၅-က ဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခံခဲ့ကြရသည်။

ကမ္ဘောဇတိုင်း၏ တာဝန်ခံအယ်ဒီတာ အပါအဝင် (၃)ဦးမှာ ပြန်လွတ်လာပြီး မကြာမီတွင် အယ်ဒီတာချုပ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လွတ်လပ်သည့် သတင်းဌာနများကို ထုတ်ဝေခွင့် ပိတ်သိမ်းခြင်း၊ ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးခြင်းများကို လုပ်ဆောင်ခြင်းကြောင့် အချို့သတင်းထောက်များမှာ ဖမ်းဆီးခံရပြီး အချို့သတင်းထောက်များမှာ တိမ်းရှောင်နေကြရသည်။