ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပေါင်(၅၀၀)နှင့် ပေါင်း(၂၀၀)ဗုံး (၁၅)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ ထပ်မံ စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် လားရှိုးမြို့မဈေး၊ ရပ်ကွက်(၁) နယ်မြေ(၈)၊ ရပ်ကွက်(၂) Green Park ဟိုတယ်နှင့် နေရာအနှံ့အပြားကို လေကြောင်းဖြင့် ဗုံး(၁၅)လုံး ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး အရပ်သား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးကာ (၆)ဦး ဒဏ်ရာရကြောင်း သိရသည်။
“ပေါင်(၅၀၀)၊ ပေါင်(၂၀၀) ဗုံးတွေကြဲသွားတာ။ အရပ်သားနှစ်ဦးသေတယ်။ (၆)ဦး ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များနှင့် ဟိုတယ်အဆောက်အဦးများ ပျက်စီးခဲ့ရပြီး မြို့မဈေးမှာလည်း ဈေးဆိုင်ခန်းများစွာ ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
“ဒီနေ့ မနက်က ဂရင်းလပ်ဟိုတယ်ပါ အကြဲခံရတာ။ မနေ့က ကြဲတဲ့နေရာအနီးနားမှာဘဲ။ ဖူလီလိုက်ဟိုတယ်တွေ အနီးပေါ့။ တစ်ပြိုင်ထဲကြဲသွားတာ။ ရပ်ကွက်(၂)က တရုတ်ပိုင်ဟိုတယ်တွေများတယ်။ ပြီးတော့ ဟော်တယ်ဇုံဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ကို မိတ္ထီလာ၊ ရှမ်းတဲလေတပ်၊ တံတားဦးလေတပ်၊ မကွေးလေတပ်တို့မှ လာရောက်ဗုံးကြဲနေခြင်းဖြစ်ကြောင်း လေကြောင်းအန္တရာယ်အသိပေးသူများထံမှ သိရသည်။
#TachileikNewsAgency
Photo:Nay Wai Soe