ကျောက်မဲ-သီပေါကြားရှိ ကျင်းသီယာယီတံတားမှ ပြန်လည်ဖြတ်သန်းခွင့်ပြု

ကျောက်မဲ-သီပေါကြားရှိ ကျင်းသီယာယီတံတားမှ ပြန်လည်ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုနှင့် သီပေါမြို့အကြား ယာယီဆောက်လုပ်ထားသည့် ကျင်းသီတံတားအား ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

 

မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ထားသည့် အဆိုပါ ကျင်းသီတံတားသည် ယမန်နေ့ မေလ(၂၆)ရက်နေ့တွင် တောင်ကျရေနှင့်အတူ ချောင်းအတွင်း ရေများမြင့်တက်လာပြီးနောက် ပျက်စီးသွားသဖြင့် ယာဥ်များဖြတ်သန်းသွားလာခွင့်အား တာဝန်ရှိသူများက ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ပျက်စီးသွားသည့် ယင်းယာယီတံတားအား ဒေသခံလူထုမှ သစ်သားများဖြင့် ပြန်လည်ပြုပြင်ရာ မော်တော်ဆိုင်ကယ်နှင့် ယာဥ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်ဟု သိရသည်။

အဆိုပါ ယာယီတံတားသည် လွန်ခဲ့သည့် မတ်လက ကျောက်မီးသွေး ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ ယာဥ်ငယ်များနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ရန် ယာယီဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကျင်းသီတံတားရဲကင်းကို TNLAနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နောင်ချိုဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်ကာ တံတားပျက်စီးခဲ့ခြင်းဖြစ်ကာ ကျင်းသီတံတားသည် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီးပေါ်တွင် ရှိသည်။

#TachileikNewsAgency

Photo: PSLF/TNLA News